News

POST TYPE

NEWS

ဘာသာရေးအမည်ခံကာ ဆူပူအကြမ်းဖက်မှုများ မပြုလုပ်ကြရန် အိန္ဒိယပြည်သူများကို ဝန်ကြီးချုပ်မိုဒီ သတိပေး
16-Aug-2017 tagged as အိန္ဒိယ

ဒေလီ၊ ဩဂုတ် ၁၅

အိန္ဒိယနိုင်ငံတွင်း ဘာသာရေးဟူသော ခေါင်းစဉ်ဖြင့်ပြုလုပ်သည့် ဆူပူအကြမ်းဖက်မှုများကို ရှောင်ရှားကြရန် ဝန်ကြီးချုပ်နာရင်ဒရာ မိုဒီက အိန္ဒိယပြည်သူများကို တိုက်တွန်း ပြောကြားလိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။

အိန္ဒိယတွင် လတ်တလော ခေါင်းထောင်စပြုလာသည့် ဟိန္ဒူအမျိုးသားရေးဝါဒက တိုင်းပြည်၏ ဘာသာရေးဆိုင်ရာ ခံယူချက်အပေါ် ထိခိုက်မှု ရှိ၊ မရှိ စသည့် အငြင်းပွားမှုများ၊ ဘာသာရေး လူနည်းစုအပေါ် တိုက်ခိုက်မှုများ ပေါ်ပေါက်လာပြီးနောက် ဝန်ကြီးချုပ်မိုဒီက အထက်ပါအတိုင်း သတိပေး ပြောကြားလိုက်ခြင်းဖြစ်သည်။ 

ယနေ့ကျင်းပပြုလုပ်သော အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရရှိမှု နှစ် ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနားတွင် ဝန်ကြီးချုပ်မိုဒီက အဂတိလိုက်စားမှု တိုက်ဖျက်ရေး အပါအဝင် ၎င်းအစိုးရ၏ ဆောင်ရွက်ချက်များကိုလည်း ထည့်သွင်း ပြောဆိုသည်။ 

“ဘာသာရေး ယုံကြည်ချက်ဆိုတဲ့ နာမည်နဲ့ ဆူပူအကြမ်းဖက် တိုက်ခိုက်တာတွေကို ကျွန်တော်တို့ သည်းခံမှာမဟုတ်ပါဘူး”ဟု ဝန်ကြီးချုပ်မိုဒီက ဘာသာရေးနှင့် ဆက်နွှယ်သော တိုက်ခိုက်မှုများနှင့်ပတ်သက်၍ သတိပေး ပြောကြားသည်။

၁၉၄၇ ခုနှစ် ဗြိတိသျှကိုလိုနီတို့လက်အောက်မှ လွတ်လပ်ရေး ရယူပြီးကတည်းက အိန္ဒိယနိုင်ငံအနေနှင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည့် အရာများကိုလည်း မိုဒီက ချီးမွမ်းပြောဆိုသည်။

အိန္ဒိယနိုင်ငံသည် နှစ်များစွာအတွင်း တိုးတက်ဖွံ့ဖြိုးမှုများ ရှိခဲ့သော်လည်း ရှေ့ဆက် အကောင်အထည် ဖော်ရမည့်ကိစ္စ များစွာရှိနေသေးသည်ဟု ၎င်းက ဆိုသည်။

မကြာသေးခင် သီတင်းပတ်အတွင်း နိုင်ငံပိုင်ဆေးရုံ၌ ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ ပစ္စည်းပစ္စယများ ရှားပါးမှုကြောင့် ကလေးငယ် ၆၀ ခန့် သေဆုံးခဲ့ရသည့်ကိစ္စကိုကြည့်လျှင် အိန္ဒိယ၌ လုပ်ဆောင်ရန် ကျန်ရှိနေသေးသည့် ကိစ္စမြောက်မြားစွာ ရှိနေသေးကြောင်း ၎င်းကဆိုသည်။ 

သို့သော် နယ်နိမိတ်ဆိုင်ရာ အငြင်းပွားမှုများ ဖြစ်ပွားနေသည့် အိမ်နီးချင်း ပါကစ္စတန်၊ တရုတ်စသည့် နိုင်ငံများအပေါ် ထားရှိသည့် အိန္ဒိယ၏ နိုင်ငံခြားရေးမူဝါဒကိုမူ ထုတ်ဖော်ပြောဆိုမှု မပြုပေ။ 

ဝန်ကြီးချုပ်မိုဒီသည် ၂၀၁၄ ခုနှစ် အာဏာရရှိလာသည့် အချိန်ကတည်းက ဟိန္ဒူအမျိုးသားရေး ဝါဒီများ၏ တောင်းဆိုချက်များနှင့် ခေတ်မီ တိုးတက်ဖွံ့ဖြိုးပြီး လွတ်လပ်စွာ ဘာသာရေး ယုံကြည်ခွင့်ရှိကာ စီးပွားရေး တောင့်တင်းသည့် နိုင်ငံထူထောင်လိုသူများ၏ တောင်းဆိုချက်များအကြား ချိန်ခွင်လျှာမျှတမှုရှိအောင် ကြိုးပမ်းခဲ့ရသည်။

အိန္ဒိယအခြေစိုက် ဉာဏ်ကြီးရှင်များ အဖွဲ့တစ်ခုဖြစ်သော ORF မှ Fellow တစ်ဦးဖြစ်သူ မန်နော့ဂျိုရှီက မိုဒီသည် လူအုပ်စုဖွဲ့ အကြမ်းဖက် တိုက်ခိုက်မှုများကို ပြစ်တင်ရှုတ်ချသော်လည်း ၎င်း၏ အာဏာရပါတီတွင်းရှိ အင်အားစုများအပေါ် အနည်းငယ်မျှသာ ထိန်းချုပ်နိုင်ကြောင်း ပြောကြားသည်။

“ဆောင်ပုဒ်တွေနဲ့ အမှန်တကယ် လက်တွေ့ အကောင်အထည်ဖော်မှုကြားမှာ အများကြီး ကွာဟနေတယ်”ဟု ၎င်းက ပြောကြားသည်။ 

လွတ်လပ်ရေးနေ့မိန့်ခွန်းတွင် အိန္ဒိယ ဝန်ကြီးချုပ်မိုဒီက လာမည့် ၂၀၂၂ ခုနှစ်မှစ၍ အိန္ဒိယနိုင်ငံသစ်တစ်ရပ် ထူထောင်မည်ဟုဆိုပြီး လာမည့် ၂၀၁၉ ခုနှစ် ရွေးကောက်ပွဲတွင်လည်း ပြန်လည် အနိုင်ရရှိလိမ့်မည်ဟု ယုံကြည်ထားကြောင်း ပြောကြားသည်။ 

F-01