News

POST TYPE

NEWS

ဂူအမ်ကျွန်းကို ဒုံးကျည်ဖြင့်ပစ်မည့်အစီအစဉ် ကင်ဂျုံအန်းစစ်ဆေး၊ မြောက်ကိုရီးယားက စတိုက်မည်မဟုတ်

ပြုံယမ်း၊ ဩဂုတ် ၁၅

ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ အမေရိ ကန်နယ်နိမိတ် ဂူအမ်ကျွန်းကို ဒုံးကျည်များဖြင့် ပစ်လွှတ်တိုက်ခိုက်မည့် အစီအစဉ်အား ခေါင်းဆောင်ကင်ဂျုံအန်းက စစ်ဆေးခဲ့သော်လည်း မြောက်ကိုရီးယားဘက်မှ စတင် တိုက်ခိုက်မည်မဟုတ်ကြောင်း နိုင်ငံပိုင် မီဒီယာ၏ဖော်ပြချက်ကို ကိုးကား၍ BBC သတင်းကဖော်ပြသည်။

ဂူအမ်ကျွန်းကို ဝန်းရံပစ်ခတ်ရန် စီစဉ်ထားသော်လည်း ဆုံးဖြတ်ချက်မချမီ ဒမိုက်မဲသော ယန်းကီးများဒ (အမေရိကန်များ) မည်သို့ လုပ်ဆောင်မည်ဆိုခြင်းကို စောင့်ကြည့်ဦးမည်ဖြစ်သည်ဟု နိုင်ငံပိုင် မီဒီယာက ဖော်ပြခဲ့သည်။

နှစ်ဖက်အပြန်အလှန် စကားလုံး တိုက်ပွဲသည် ဂူအမ်ကျွန်းကို တိုက်ခိုက်မည်ဟု မြောက်ကိုရီးယားက ခြိမ်းခြောက်ခဲ့အပြီးတွင် ပိုမိုပြင်းထန်လာခဲ့သည်။ ယခုသတင်းအရမူ မြောက်ကိုရီးယားသည် အမှန်တကယ် သူ့ဘက်မှ စတိုက်ရန် ဆန္ဒ မရှိကြောင်း ပေါ်လွင်လာခဲ့သည်။

တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းကလည်း သူ့နိုင်ငံ၏သဘောတူညီချက် မရဘဲ ကိုရီးယားကျွန်းဆွယ်တွင် အမေရိကန်က စမတိုက်ရန် တိုက်တွန်းထားသည်။

မဟာဗျူဟာ လက်နက်တပ်ခွဲသည် အားလုံး ပြင်ဆင်ထားပြီးဖြစ်ကာ ခေါင်းဆောင်ကြီး၏အမိန့်ကိုသာ စောင့်ဆိုင်းနေခြင်းဖြစ်သည်ဟု မြောက်ကိုရီးယား KCNA သတင်းဌာနက ဖော်ပြထားသည်။ 

သို့သော်လည်း ခေါင်းဆောင်ကြီး ကင်သည် ဆုံးဖြတ်ချက်မချမီ အမေရိကန်၏လုပ်ရပ်ကို စောင့်ကြည့်သွားမည်ဟု အဆိုပါသတင်းတွင် ဖော်ပြထားခြင်း ဖြစ်သည်။

ရက်အတန်ကြာ ခြောက်လုံးလှန့်လုံးများ သုံးပြီးနောက် ကင်ဂျုံအန်းသည် ဂူအမ်ဒရာမာဇာတ်လမ်း တစ်ခန်းရပ်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်နိုင်သည်ဟု လေ့လာသူတို့က သုံးသပ်ကြသည်။ သို့သော်လည်း အလွန်လျှို့ဝှက်သော မြောက်ကိုရီးယားတွင် မည်သည့်ကိစ္စမှ ကျိန်းသေပေါက် မပြောနိုင်သေးပေ။

အိမ်နီးချင်း တောင်ကိုရီးယား၊ မဟာမိတ် တရုတ်တို့ကလည်း အမေရိကန်နှင့် မြောက်ကိုရီးယားတို့ တည်တည်ငြိမ်ငြိမ် ဖြေရှင်းကြရန်၊ သံတမန်နည်းအရ ဖြေရှင်းရေး ကြိုးပမ်းကြရန် တိုက်တွန်းခဲ့သည်။

တောင်ကိုရီးယားသမ္မတ မွန်ဂျေးအင်းက အမေရိကန်တွင် တစ်နိုင်ငံတည်း ဆုံးဖြတ်ပိုင်ခွင့် မရှိကြောင်း၊ နှစ်နိုင်ငံ ကာကွယ်ရေး သဘောတူညီချက်အရ တစ်နိုင်ငံကို ခြိမ်းခြောက်ခံရပါက နှစ်ဖက် တိုင်ပင်ဆွေးနွေးပြီး ဖြေရှင်းရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သို့သော်လည်း ဂူအမ်ကျွန်း တိုက်ခိုက်ခံရ၍ အမေရိကန်က မြောက်ကိုရီးယားကို ပြန်တိုက်ပါက တောင်ကိုရီးယား၏ အတည်ပြုချက် လို မလိုမှာ မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည်။

နိုင်ငံတကာ ဥပဒေများနှင့် နှစ်ဖက် စစ်ရေးသဘောတူညီချက်များအရ အမေရိကန်က သူ့နယ်နိမိတ် အတိုက်ခံရ၍ ပြန်တိုက်ခြင်းအတွက် အခြားတစ်နိုင်ငံ၏ သဘောတူညီချက်လိုမည် မဟုတ်ပေ။ သို့သော်လည်း တောင်ကိုရီးယား သမ္မတက သူ့နိုင်ငံ သဘောတူညီချက် မပါဘဲ စစ်ရေးအရ မဆောင်ရွက်နိုင်ဟု ဆိုထားရာ ထိုပြောစကားမှာ ငြင်းခုံစရာဖြစ်ခဲ့ရသည်။

F-03