News

POST TYPE

NEWS

ရွှေကူတွင် ဧရာဝတီမြစ် စိုးရိမ်ရေမှတ်ကျော်၊ စာသင်ကျောင်း ၁၂ ကျောင်းပိတ်

ဗန်းမော်၊ သြဂုတ် ၁၆

ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရွှေကူမြို့တွင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်အထက် ရောက်ရှိနေ၍ စာသင်ကျောင်း ၁၂ ကျောင်းကို ယာယီ ပိတ်ထားရပြီး ကယ်ဆယ်ရေးစခန်း ၆ ခု ဖွင့်လှစ်ထားရကြောင်း ရွှေကူမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနထံမှ သိရသည်။

ရွှေကူမြို့၏ စိုးရိမ်ရေမှတ်သည် ၉၃၀ စင်တီမီတာဖြစ်ပြီး ယနေ့ (သြဂုတ်လ ၁၆ ရက်) နံနက် ၆ နာရီ မိနစ် ၃၀ တိုင်းတာချက်အရ ၉၇၁ စင်တီမီတာ ရောက်နေသောကြောင့် ကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းချစ်က ပြောကြားသည်။

ဧရာဝတီမြစ်ရေ မြင့်တက်လာခြင်းကြောင့် သြဂုတ်လ ၁၂ ရက်နေ့မှစတင်ကာ စာသင်ကျောင်း ၆ ကျောင်းကိုပိတ်ခဲ့ရပြီး နောက်ရက်များတွင် ကျန်စာသင်ကျောင်းများကို ပိတ်ခဲ့ရခြင်းဖြစ်သည်။

ယနေ့အထိတိုင် ပိတ်ထားရဆဲစာသင်ကျောင်း ၁၂ ကျောင်းတွင် အထကကျောင်း ၁ ကျောင်း၊ အလကကျောင်း ၂ ကျောင်း၊ အမကကျောင်း ၈ ကျောင်း၊ မူလွန် ၁ ကျောင်းတို့ဖြစ်ကြောင်း မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၏ စာရင်းအရ သိရသည်။

R-14