News

POST TYPE

NEWS

ချပ်သင်းတိုက်နယ် ဆေးရုံဆရာဝန်ကို ကျူရှင်ဆရာများ ဝန်ချတောင်းပန်
15-Aug-2017 tagged as ဆရာဝန်

ရွှေဘို၊ သြဂုတ် ၁၄ 

ကန့်ဘလူမြို့နယ်၊ ချပ်သင်းတိုက်နယ် ဆရာဝန်ကို ကျူရှင်ဆရာများက သြဂုတ်လ ၁၄ မွန်းလွဲ ၂ နာရီက ယင်းဆေးရုံ၌ ဝန်ချတောင်းပန်ပြီး ပြေလည်မှု ရရှိသွားကြောင်း ချပ်သင်းအုပ်ချုပ်ရေးမှူး ဦးအုန်းလွင်က ပြောကြားသည်။

သြဂုတ် ၁၁ ရက်နေ့က အင်တာနက်ပေါ်တွင် တိုက်ရိုက်ထုတ်လွှင့်မှုကြောင့် အကျယ်တဝင့် ဖြစ်ပေါ်ခဲ့သော Mr Nay ကျူရှင်မှ ဆရာသုံးဦးက တိုက်နယ်ဆရာဝန်များအပေါ် ဝေဖန်ပြောဆိုမှုနှင့် ပတ်သတ်၍ ချပ်သင်းဆေးရုံတွင် ကျူရှင်ဆရာများက လာရောက်တောင်းပန်းပြီး တိုက်နယ်ဆရာဝန်ကလည်း ခွင့်လွှတ်ကြောင်း ပြန်လည်ပြောကြားလိုက်သည်။

“ကျွန်တော်ကတော့ နှစ်ဦးနှစ်ဖက် ပြေလည်စေချင်တာပါ။ ဒါကြောင့် ဒီဝန်ချတောင်းပန်ပွဲ တက်တယ်။ ကျူရှင်ဆရာတွေ ဘက်ကလည်း ပြောမှားဆိုမှားရှိရင် ခွင့်လွှတ်ဖို့ တောင်းပန်တယ်။ ဆရာကလည်း ကျေအေးတယ်၊ ပြေလည်မှု ရသွားပါပြီ” ဟု အုပ်ချုပ်ရေးမှူး ဦးအုန်းလွင်က ဆိုသည်။

ချပ်သင်းကျေးရွာသည် စစ်ကိုင်းတိုင်း၊ (ကန့်ဘလူခရိုင်) ကန့်ဘလူမြို့နယ်ရှိ အိမ်ခြေ ၁၀၀၀ ကျော် ရွာကြီးတစ်ရွာ ဖြစ်ပြီး ယင်းရွာတိုက်နယ်ဆေးရုံတွင် ဆေးဝါးမလုံလောက်သည့် ပြဿနာကို ချပ်သင်းတွင် ကျူရှင်ဖွင့်ထားသည့် ဆရာများက လာရောက်မေးမြန်းမှုကို အွန်လိုင်းမှတစ်ဆင့် တိုက်ရိုက်လွှင့်ထုတ်ခဲ့သည်။ 

ယင်းအပေါ် ဆေးပညာလောက အပါအဝင် အနယ်နယ်အရပ်ရပ်မှ စောင့်ကြည့်သူများကြား ဝေဖန်ပြောဆိုမှုများ ဖြစ်ပေါ်ခဲ့သည်။

ယင်းဖြစ်စဉ် ဗီဒီယိုနှင့် ပတ်သက်၍လည်း မှတ်ချက်ရေးသူ၊ သုံးသပ်ချက် Post တင်သူ အများအပြား ရှိနေပြီး ဝန်ကြီးဟောင်း၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ အနုပညာရှင်များ၊ ဝန်ထမ်းများ၊ ဥပဒေသမားများ စသည်ဖြင့် အလွှာစုံလူစုံ ဝေဖန်ပြောဆိုမှုများ ရှိခဲ့သည်။

အထူးသဖြင့် ကျောင်းဆရာများ၏ ဖြေရှင်းသည့် ပုံသဏ္ဌာန်အပေါ်တွင် ဝေဖန်ခဲ့ကြပြီး ဆရာဝန်ကိုမူ ခွင့်လွှတ်သည်းခံကာ အေးချမ်းစွာ ဖြေရှင်းသည့်အတွက် ချီးကျူးသူများ ရှိသည်။

ဆရာဝန်ဘက်က ဝင်ပြောသူ အချို့ကိုမူ လိင်ပိုင်းဆိုင်ရာ နှိမ့်ချဆက်ဆံသော  အသုံးအနှုန်းများကြောင့် ဝေဖန်ခဲ့ကြသည်။

“ဒေသခံနှင့် ကော်မတီဝင် အများစုက မကျေနပ်ကြဘူး။ ကျွန်တော်ကတော့ ပြဿနာ မဖြစ်ချင်ဘူး။ တရားစွဲတာတွေ ဘာတွေလည်း မလုပ်ချင်ဘူး။ ဒါကြောင့် ကျွန်တော် ကျေအေးလိုက်တာပါ” ဟု ချပ်သင်းတိုက်နယ် ဆရာဝန် ဒေါက်တာကျော်မျိုးဇော်က ဆိုသည်။