News

POST TYPE

NEWS

ရခိုင်တွင် H1N1 လူနာ စတွေ့၊ တစ်နိုင်ငံလုံးတွင် သေဆုံးသူ ၂၃ ဦးရှိ
13-Aug-2017 tagged as H1N1

ရန်ကုန်၊ ဩဂုတ် ၁၂ 

ရခိုင်ပြည်နယ်တွင် ရာသီတုပ်ကွေး ရောဂါ (H1N1) ဖြစ်ပွားသူတစ်ဦး စတင် တွေ့ရှိခဲ့ကြောင်း ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ကြည်လွင်က The Voice သို့ ပြောကြားသည်။

ရာသီတုပ်ကွေးရောဂါ (H1N1) ဖြစ်ပွားမှုသည် ရက်သတ္တပတ် သုံးပတ်ကြာသည်အထိ ဆက်လက် ဖြစ်ပွားနေပြီး ရခိုင်ပြည်နယ်တွင် ပထမဆုံး H1N1 လူနာ စတင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းရောဂါကြောင့် တစ်နိုင်ငံလုံးတွင် အသက် သေဆုံးသူ ၂၃ ဦးအထိ ရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

“ပိုးရှိတယ်ဆိုတာ မနေ့ည (ဩဂုတ်လ ၁၁ ရက်) ကမှ သိရတာပါ။ ရန်ကုန်ကို ပို့ပြီး စစ်ဆေးခဲ့တာပါ။ လောလောဆယ်တော့ အခြေအနေ ကောင်းနေပါပြီ။ လက်ရှိ စစ်တွေ ဆေးရုံကြီးမှာပါ”ဟု ရခိုင်ပြည်နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ကြည်လွင်က ဆိုသည်။ 

အဆိုပါ H1N1 လူနာမှာ အသက် တစ်နှစ် တစ်လအရွယ်ရှိပြီး ရခိုင်ပြည်နယ်၊ ဗျိုင်းဖြူကျေးရွာတွင် နေထိုင်သည့် ယောက်ျားလေး ဖြစ်ကြောင်း လက်ရှိတွင် စစ်တွေဆေးရုံကြီး၏ သီးသန့်ဆောင်တွင် ထားရှိကာ ကုသပေးလျက် ရှိကြောင်း၊ ယင်းလူနာမှာ ဩဂုတ်လ ၉ ရက်နေ့က ဆေးရုံသို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ 

ယခု ဖြစ်ပွားလျက်ရှိသော H1N1 နှင့်ပတ်သက်၍ ထိန်းချုပ်နိုင်မည့်ကာလကို တပ်အပ် မပြောနိုင်သေးကြောင်း၊ လတ်တလောတွင်လည်း ကပ်ရောဂါအဖြစ် ကြေညာရန် အစီအစဉ် မရှိသေးကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်က ပြောဆိုသည်။ 

ယင်းသို့တွေ့ရှိခြင်းကြောင့် ရခိုင် ပြည်နယ်အတွင်း ရာသီတုပ်ကွေးရောဂါ (H1N1)နှင့်ပတ်သက်၍ ဈေးများနှင့် လူစည်ကားရာ နေရာများတွင် ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်းများ၊ ဟောပြောခြင်းများနှင့် လက်ကမ်းစာစောင် ဝေငှခြင်းများကို ယခင်ကထက်ပို၍ လုပ်ဆောင်လျက်ရှိကြောင်း ရခိုင်ပြည်နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနထံမှ သိရသည်။

“ကလေးက ဘယ်မှ ခရီးမသွားဘူး ဆိုတော့ ဒီဟာက ဒေသထဲမှာပဲရှိတဲ့ ရာသီတုပ်ကွေးလို့ ယူဆတာပေါ့။ လတ်တလောတော့ အဲ့ဒီရွာမှာ ကွင်းဆင်းပြီး ရှာနေပါတယ်”ဟု ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာကြည်လွင်က ထပ်လောင်း ပြောကြားသည်။

ခုခံကျကာလသားရောဂါ၊ ကျောက်ကပ်ရောဂါ၊ ပြင်းထန် အဆုတ်တီဘီရောဂါ၊ ဆီးချို သွေးချို စသည့် အခြားသော ရောဂါ အခံရှိသူများနှင့် ရာသီတုပ်ကွေးရောဂါ ပြင်းထန်စွာ ခံစားရနိုင်သော အသက်အရွယ် ကြီးသူများ၊ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင် မိခင်များအနေနှင့် လတ်တလော ပြင်းထန် အဆုတ်ရောင် ရောဂါလက္ခဏာများ ခံစားရပါက နီးစပ်ရာ ကျန်းမာရေးဌာနနှင့် ဆေးရုံ/ဆေးခန်းများသို့ အမြန်ဆုံး သွားရောက်၍ ကုသမှု ခံယူသင့်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ 

ဇူလိုင်လ ၂၁ ရက်မှ ဩဂုတ် ၁၂ ရက်၊ မွန်းလွဲ ၂ နာရီအထိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရာသီတုပ်ကွေးရောဂါ (H1N1) ဖြစ်ပွားသူ ၂၂၁ ဦးရှိပြီး ၂၃ ဦးသေဆုံးကာ လတ်တလော ပြင်းထန် အသက်ရှူလမ်းကြောင်းရောဂါဖြင့် ဆေးရုံတက်ရောက်သူ ၅၈၃ ဦးရှိကြောင်း အဆိုပါ ထုတ်ပြန်ချက်အရ သိရသည်။

J-12