News

POST TYPE

NEWS

ပြည်သူ့ကျန်းမာရေးဌာန အရာရှိတစ်ဦး ရေချိုးခန်းအတွင်း ဓာတ်လိုက်သေဆုံး
12-Aug-2017 tagged as

နေပြည်တော် ၊သြဂုတ် ၁၂ 

ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဍသိဒ္ဓိရပ်ကွက်၊ အားကစားရွာရှိ တည်းခိုခန်းတစ်ခုတွင် ယနေ့ (သြဂုတ်လ ၁၂ ရက်) နံနက် ၈ နာရီခွဲက မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးအရာရှိတစ်ဦးမှာ ရေချိုးခန်းအတွင်း ဓာတ်လိုက် သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဓာတ်လိုက်သေဆုံးမှုကို ဇမ္ဗူသီရိမြို့နယ် လျှပ်စစ် အင်ဂျင်နီယာဌာနမှ တာဝန်ရှိသူများက စစ်ဆေးခဲ့ရာ မိုးရွာသွန်းမှုကြောင့် ရေပူရေအေး ရေပန်းခလုတ်များတွင် လျှပ်စစ်များ စီးဝင်နေကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

သေဆုံးသူမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးအရာရှိ ဒေါက်တာ ဝင်းနိုင်ဖြစ်ပြီး ၎င်းတည်းခိုနေသော Cluster (4) အဆောင်(၁)ရှိ အခန်းတစ်ခန်းတွင် ယင်းနေ့ နံနက်က ရေချိုးခန်းထဲ ရေချိုးနေစဉ် ဓာတ်လိုက်ရာမှ သတိလစ်ခဲ့သောကြောင့် ကုတင် ၁၀၀၀ ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း ဆေးရုံအရောက်တွင် သေဆုံးခဲ့သည်။

သေဆုံးသူ ဒေါက်တာ ဝင်းနိုင်မှာ အားကစားရွာရှိ Gold Medal Hall တွင် သြဂုတ်လ ၇ ရက်မှ ၁၇ ရက်နေ့အထိ ဖွင့်လှစ်ထားသော ဝန်ထမ်းသွားဖက်ဆိုင်ရာ ဆရာဝန်များ၏ စွမ်းဆောင်ရည် မြှင့်တင်ရေး မွမ်းမံသင်တန်းကို တက်ရောက်နေသူဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03

  • TAGS