News

POST TYPE

NEWS

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် လူငယ်များ ပါဝင်မှု အားနည်းဟုဆို
မော်လမြိုင်၊ ဩဂုတ် ၁၂

မြန်မာနိုင်ငံရှိ လူဦးရေများအနက် လူငယ် ၄၀ ရာခိုင်နှုန်း ရှိနေသော်လည်း နိုင်ငံရေး အခန်းကဏ္ဍတွင် လူငယ်များ ပါဝင်မှု အားနည်းနေကြောင်း မွန်ပြည်နယ်တွင် ဩဂုတ်လ ၁၂ ရက်က ကျင်းပသည့် နိုင်ငံတကာ လူငယ်များနေ့ အခမ်းအနားတွင် မွန်လူငယ်ကွန်ရက် အတွင်းရေးမှူး မခိုင်ခိုင်လဲ့မြင့်က ပြောဆိုသည်။

“ကျွန်မတို့ နိုင်ငံမှာ လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းက လူငယ်တွေ ဖြစ်ကြတယ်။ အဲဒီလို လူဦးရေ အများဆုံး ပါဝင်တဲ့ လူငယ်တွေက ငြိမ်းချမ်းရေးဖြစ်စဉ်မှာ မပါဝင်ဘူးဆိုရင်တော့ ငြိမ်းချမ်းရေး ဖြစ်စဉ်က ပြောင်းပြန်ဖြစ်သွားနိုင်တယ်၊ လူငယ်တွေ ပါဝင်လာအောင်ကို လမ်းမှန် နည်းလမ်းမှန်နဲ့ တွန်းအားပေးသွားရမှာ ဖြစ်ပါတယ်”ဟု ၎င်းက ထောက်ပြသည်။

နိုင်ငံတော်အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အခန်းကဏ္ဍတွင်လည်း လူငယ်များ တရားဝင် ပါဝင်မှု မရှိသေးကြောင်း၊ တာဝန်သိ လူငယ်များက ငြိမ်းချမ်းရေးကို လိုလားခြင်း၊ ရှေရှည် တည်တံ့သော ငြိမ်းချမ်းရေး ရရှိလိုခြင်းကြောင့် မိမိတို့ဘာသာ လုပ်ကိုင်နေခြင်းသာ ရှိကြောင်း၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလမ်းကြောင်းကို လူငယ်များက စည်းစည်းလုံးလုံးဖြင့် ပါဝင်လာပါက  ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် လူငယ်များအတွက် ရေရှည်ဖွံ့ဖြိုးတိုး တက်လာမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

လက်ရှိ နိုင်ငံရေး အခင်းအကျင်းနှင့် ခေါင်းဆောင်မှု အခန်းကဏ္ဍတွင် လူငယ်များ ပါဝင်မှု အားနည်းရခြင်းမှာ လူငယ်များက မိမိကိုယ်ကိုယ် ယုံကြည်မှု အားနည်းခြင်း၊ ပညာရေးအရ လူငယ်များ နေရာရရှိရေးအတွက် တီထွင်ကြံဆမှု အတွေးအခေါ်များကို ရိုက်ချိုးခြင်း ခံထားရခြင်းနှင့် လူကြီးများကလည်း လူငယ်များအပေါ် ယုံကြည်မှု အားနည်းခြင်းတို့ကြောင့် လူငယ်များမှာ ထင်သလောက်နေရာ မရခြင်းဖြစ်ကြောင်း မွန်လူမှုအဖွဲ့အစည်းကွန်ရက်မှ ညှိနှိုင်းရေးမှူး ကိုမင်းအောင်ထူးက သုံးသပ်သည်။
 
“၂၁ရာစု ပင်လုံလို ညီလာခံမျိုး၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲလို နေရာမျိုးမှာ လူငယ်တွေရဲ့ ပါဝင်မှုဟာ လူငယ်တွေအတွက် နေရာ သီးသန့် မရှိဘူး၊ ဒါပေမဲ့ သက်ဆိုင်ရာ အစုအဖွဲ့အလိုက် သက်ဆိုင်ရာ ပါတီကိုယ်စား အနေနဲ့ ပါလာတဲ့ လူငယ်တွေရှိတယ်၊ အဲဒီလို ပါလာပေမယ့်လည်း ရာခိုင်နှုန်း အရမ်း နည်းတယ်”ဟု ကိုမင်းအောင်ထူးက ပြောသည်။

နိုင်ငံရေးအခန်းကဏ္ဍ၊ ငြိမ်းချမ်းရေး အခန်းကဏ္ဍတွင် လူငယ်များ ပါဝင်လာစေရန် တိုက်တွန်း အားပေးသင့်ကြောင်း ၎င်းက  တိုက်တွန်းသည်။

နိုင်ငံတကာ လူငယ်များနေ့ အခမ်းအနားကို မော်လမြိုင်မြို့ အိမ်တွင်းမှု အသက်မွေးဝမ်းကျောင်း ခန်းမတွင် ပြုလုပ်ခဲ့ရာ မွန်ပြည်နယ် ၁၀ မြို့နယ်မှ လူငယ်အယောက် ၂၀ဝ ကျော်ခန့် တက်ရောက်ခဲ့ကြောင်း၊ မွန်ပြည်နယ်တွင် နိုင်ငံတကာ လူငယ်များနေ့ အခမ်းအနားကို ၂၀၁၄ ခုနှစ်မှ စတင် လုပ်ဆောင်ခဲ့ကြောင်း ဖြစ်မြောက်ရေး ကော်မတီထံမှ သိရသည်။