News

POST TYPE

NEWS

မြောက်ကိုရီးယား-အမေရိကန် တင်းမာမှု ဘယ်လောက်စိတ်ပူသင့်လဲ
ဇေဝင်းနောင် ရေးသားသည်

အမေရိကန်သမ္မတက မြောက်ကိုရီးယား ခြိမ်းခြောက်မှုကို ကမ္ဘာက တစ်ခါမှ မမြင်ဖူးတဲ့ မီးကုန်ယမ်းကုန် တုံ့ပြန်မှုမျိုးဖြင့် ရင်ဆိုင်မည်ဟု ကြွေးကြော်ခဲ့သည်။

မြောက်ကိုရီးယားကတော့ လူဦးရေ ၁၆၃,၀၀၀ နေထိုင်ရာ အမေရိကန် နယ်နိမိတ် ဂူအမ်ကျွန်းကို ဒုံးကျည်ဖြင့် တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ခဲ့သည်။

အမေရိကန်နှင့် အာရှမဟာမိတ်များ ကာလရှည် စိုးရိမ်နေခဲ့သလိုပင် မြောက်ကိုရီးယားသည် နျူကလီးယားလက်နက်ကို သေးငယ်အောင်လုပ်ပြီး တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်တွင် နျူကလီးယားထိပ်ဖူးတပ် ပစ်လွှတ်နိုင်စွမ်း ရှိလာပြီဆိုသော သတင်းများ ပေါ်ထွက်လာချိန်နှင့် နှစ်ဖက်အပြန်အလှန် ခြိမ်းခြောက်မှုများ ပြုလုပ်ချိန်ကလည်း တိုက်ဆိုင်နေခဲ့သည်။

သို့ဖြစ်ရာ မြောက်ကိုရီးယား-အမေရိကန် စစ်ဖြစ်တော့မည့် ရှေ့ပြေးအခြေအနေလားဟု စိုးရိမ်မှုများ ပေါ်ထွက်လာခဲ့သည်။

ကျွမ်းကျင်သူများကမူ ယခုအချိန်အထိ စိုးရိမ်ရန်မလိုသေးဟု ဆိုသည်။ အကြောင်းပြချက်တို့ကလည်း ရှိနေသည်။

၁။ ဘယ်သူမှ စစ်ပွဲကို မလိုလား

ခေါင်းထဲထည့်ထားရမည့် အရေးပါဆုံး အချက်တစ်ချက် ဖြစ်သည်။ ကိုရီးယားကျွန်းဆွယ်တွင် စစ်ဖြစ်ခြင်းသည် ဘယ်သူ့အတွက်မှ အကျိုးမရှိ။

မြောက်ကိုရီးယားအစိုးရ၏ အဓိကရည်ရွယ်ချက်မှာ ဆက်လက်ရှင်ကျန်ခွင့်ရရေး ဖြစ်ပြီး အမေရိကန်နှင့် စစ်ဖြစ်မည်ဆိုလျှင် ထိုရည်ရွယ်ချက် ပျက်သွားမည် ဖြစ်သည်။ လက်ရှိအခင်းအကျင်းအတိုင်း မြောက်ကိုရီးယားက အမေရိကန် သို့မဟုတ် ၎င်း၏ မဟာမိတ် တစ်ဦးဦးကို တိုက်မည်ဆိုပါက ကျယ်ပြန့်ကြီးမားသော စစ်ပွဲကြီးတစ်ခုဆီသို့ လျင်လျင်မြန်မြန် ဦးတည်သွားနိုင်ပြီး ကင်ဂျုံအန်းအစိုးရသည် ကိုယ့်သေတွင်း ကိုယ်တူးလောက်အောင် မမိုက်ဟု ဘီဘီစီ၏ ကာကွယ်ရေး သတင်းထောက် ဂျိုနသန် မားကပ်စ်က သုံးသပ်ထားသည်။

ထို့ကြောင့်ပင်လျှင် မြောက်ကိုရီးယားသည် နျူကလီးယားလက်နက်နိုင်ငံတစ်ခု ဖြစ်လာရန် အသည်းအသန် ကြိုးစားနေခြင်း ဖြစ်သည်။ ထိုအစွမ်းရှိလျှင် ဖြုတ်ချရန် အကုန်အကျများမည်၊ ပြန်လှန်ပေးဆပ်ရမှု များမည်၊ ထိခိုက်မှုများမည် ဖြစ်သောကြောင့် ရှင်ကျန်ရပ်တည်နိုင်ခွင့်ကို ကာကွယ်ပေးနိုင်မည်ဟု ကင်အစိုးရက မှတ်ယူထားခြင်း ဖြစ်သည်။ ကင်ဂျုံအန်းသည် လစ်ဗျားမှ ကဒါဖီ၊ အီရတ်မှ ဆက်ဒမ်ဟူစိန်တို့လမ်းကို လျှောက်လိုဟန် မရှိပါ။

ဆိုးလ်ရှိ ကူးမင်တက္ကသိုလ်မှ အန်ဒရေလန်ကော့ဗ်က ဂါးဒီးယန်း သတင်းစာတွင် ရေးသားသော ဆောင်းပါး၌လည်း ပဋိပက္ခ ဖြစ်နိုင်ခြေ အနည်းငယ်သာ ရှိသည်ဟု သုံးသပ်ထားသည်။ တစ်ဖက်တွင်လည်း မြောက်ကိုရီးယားသည် လတ်တလောကာလတွင် သံတမန်ရေးကို စိတ်မဝင်စားဟု သုံးသပ်ထားသည်။
 “ပထမဆုံး ရှီကာဂိုကို မြေပုံထဲက ဖယ်ရှားနိုင်တဲ့ အစွမ်းမျိုး ရချင်တာ၊ အဲဒါပြီးမှ သံတမန်ရေး နည်းလမ်းကို စိတ်ဝင်စားမှာ” ဟု လန်ကော့ဗ်က ဆိုသည်။

အမေရိကန်က လက်ဦးမှုယူ မတိုက်သင့်ဘူးလား

မြောက်ကိုရီးယားကို အမေရိကန်က စတင်တိုက်ခိုက်ပါက မြောက်သည် တောင်နှင့် ဂျပန်ကို လက်တုံ့ပြန်ရန် သေချာသလောက်ရှိသည်။ ရလဒ်မှာ အသက်ပေါင်းများစွာ သေကျေပျက်စီးမှုဖြစ်ပြီး ထိုနိုင်ငံများရှိ အမေရိကန်နိုင်ငံသား စစ်သည်နှင့် အရပ်သားများပါ ထောင်ချီသေဆုံးနိုင်သည်။

အပိုဆောင်းအနေနှင့် အမေရိကန် ကုန်းမကြီးသို့ နျူကလီးယား ထိပ်ဖူးတပ် ဒုံးကျည်တစ်စင်းစင်း ပစ်လွှတ်လိုက်မည့် အန္တရာယ်ကိုပါ ထည့်တွက်ရန် လိုသည်။

နောက်ဆုံးအချက်မှာ မြောက်ကိုရီးယားအစိုးရ ပြုတ်ကျခြင်းသည် မဟာဗျူဟာအရ ရလဒ်ကောင်း မဟုတ်ဟု မှတ်ယူထားသော တစ်ဦးတည်းသော မဟာမိတ်တရုတ်၏ ကျားကန်ပေးထားမှု ဖြစ်သည်။ အမေရိကန်နှင့် တောင်ကိုရီးယားတပ်များ တရုတ်နယ်စပ်တစ်လျှောက် တပ်စွဲလာနိုင်ခြေမှာ တရုတ်အစိုးရ မလိုလားသော အခြေအနေတစ်ရပ် ဖြစ်ပြီး စစ်ပွဲသာဖြစ်လျှင် ထိုအခြေအနေ ရောက်လာပေလိ့မ်မည်။

၂။ အပြောနဲ့ လက်တွေ့မညီ

ထရမ့်၏ မြောက်ကိုရီးယားအပေါ် ခြိမ်းခြောက်မှုတွင် အမေရိကန်သမ္မတ တစ်ယောက်ထံမှ ကြားလေ့ကြားထ မရှိသော အသုံးအနှုန်းများ တွေ့ရသော်လည်း ယင်းမှာ အမေရိကန် စစ်ပြင်ပြီ ဆိုသော သဘော မဟုတ်ပေ။

လေလုံးမိုးလုံး ထွားရုံမှတစ်ပါး ရပ်တည်ချက် မပြောင်းလဲသေးဟု ထိပ်တန်းစစ်ဘက် တာဝန်ရှိသူတစ်ဦးက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။

နိုင်ငံတကာ ဆက်ဆံရေးတွင် ခေါင်းဆောင်တစ်ယောက်၏ ပေါ့ပေါ့တန်တန် ပြောချင်ရာပြောသော မှတ်ချက်များထက် အခြားသော အရိပ်အယောင်များက အရေးကြီးသည်ဟု နယူးယောက်တိုင်းမ် ဆောင်းပါးရှင် မက်စ်ဖစ်ရှာက သုံးသပ်သည်။

မြောက်ကိုရီးယားက ဇူလိုင်လအတွင်း တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် နှစ်စင်း စမ်းသပ်ပြီး နောက်တွင်လည်း အမေရိကန်သည် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ တစ်ဆင့် မြောက်ကိုရီးယားကို ထပ်မံအရေးယူပိတ်ဆို့ပြီး မလှုပ်နိုင်အောင်ချုပ်ရေးကိုသာ  အာရုံစိုက်ခဲ့သည်။

သံတမန်များက မြောက်ကိုရီးယားကို တွေ့ဆုံဆွေးနွေးရေး စကားဝိုင်းပေါ် ပြန်ခေါ်ရန် မျှော်လင့်နေဆဲဖြစ်ပြီး နောက်ဆုံးအကြိမ် အရေးယူပိတ်ဆို့မှုတွင် တရုတ်နှင့် ရုရှားပါ ထောက်ခံခဲ့သည်ကို ကြည့်ပါက မြောက်ကိုရီးယားကို ဝိုင်းဝန်းဖျောင်းဖျရန် မဖြစ်နိုင်စရာ မရှိဟု ယူဆစရာ ရှိသည်။ 

ယင်းကိစ္စက မြောက်ကိုရီးယားကို တွေဝေသွားစေသလို သမ္မတထရမ့်၏ လေလုံးမိုးလုံးကိုလည်း ပြန်ပျော့သွားစေသည်။

သို့သော်လည်း ရွှေ့ကွက်တစ်ခုကို အဓိပ္ပာယ် ကောက်လွဲသည်နှင့် လက်ရှိ တင်းမာနေသော အခြေအနေမှသည် စစ်ပွဲတစ်ခုဆီ မတော်တဆ ဦးတည်သွားမည်ကို စိုးရိမ်မှုများ ရှိနေဆဲ ဖြစ်သည်။

“မြောက်ကိုရီးယားမှာ မီးပြတ်ပြီး ဒါကို လက်ဦးမှုယူ တိုက်ခိုက်တာ ခံရပြီလို့ ထင်သွားတာမျိုး ရှိလာနိုင်တယ်။ အမေရိကန်က (စစ်မဲ့ဇုန်မှာ) အမှားအယွင်း လုပ်မိတာမျိုးလည်း ရှိနိုင်တယ်” ဟု အမေရိကန် Arms Control Association မှ ဒါရီးလ် ကင်းမ်ဘဲလ်က ဆိုသည်။

တစ်ဖက်ဖက်မှ အတွက်မှား၊ အယူမှားပြီး အခြေအနေ ထိန်းမနိုင်သိမ်းမရ ဖြစ်လာနိုင်ခြေများ ရှိနေဆဲဟု သုံးသပ်ကြသည်။

၃။ ယခင်ကလည်း အလားတူ ကြုံခဲ့ဖူးသည်

အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးဟောင်း ပီဂျေခရောင်လီ ထောက်ပြသလိုပင် အမေရိကန်နှင့် မြောက်ကိုရီးယားသည် ၁၉၉၄ ခုနှစ်တွင် လက်နက်ကိုင် ပဋိပက္ခဖြစ်လုနီး အခြေအနေနှင့် ကြုံခဲ့ရဖူးသည်။ ထိုစဉ်က မြောက်ကိုရီးယားသည် ၎င်းင်း၏ နျူကလီးယားစက်ရုံများသို့ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးမှူးများ ဝင်ရောက်ရန်ကို ခွင့်မပြုခဲ့ပေ။ သို့သော်လည်း နောက်ဆုံးတွင် သံတမန်ရေးက အနိုင်ရခဲ့သည်။

နောက်ပိုင်းနှစ်များတွင် မြောက်ကိုရီးယားသည် အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယားတို့ကို ပုံမှန်လိုလို ခြိမ်းခြောက်စကားပြောလေ့ ရှိပြီး ဆိုးလ်မြို့ကြီးကို မီးပင်လယ် ဖြစ်သွားစေရမည်ဆိုသည့် အပြောမျိုးပါ ပါဝင်ခဲ့သည်။

ထရမ့်၏ ပြောစကားမှာလည်း သူ့စတိုင်ကြောင့်သာ ယခင်သမ္မတများထက် ပြင်းထန်သည်၊ အတည်လုပ်တော့မည်ဟု ထင်စရာ ရှိသော်လည်း စကား၏ အနှစ်သာရ အသွားအလာမှာ အမေရိကန်အစိုးရ အစဉ်အဆက် ပြောခဲ့သည့် သဘောထား ဖြစ်သော “မြောက်ကိုရီးယားက စတိုက်လျှင်၊ အပြုတ်ပြန်တိုက်မည်” ဆိုသော အယူအဆအပေါ်သာ အခြေခံသည်ဟု ခရောင်လီက ထောက်ပြသည်။

ယခုတစ်ကြိမ်တွင် ကွာသွားသည်မှာ အမေရိကန်သမ္မတ ထရမ့်၏ အပြောတွင် လက်ဦးမှုယူ တိုက်မည့်သဘောမျိုး ပါသွားခြင်း ဖြစ်သည်။ သို့သော်လည်း နိုင်ငံခြားရေးဝန်ကြီး ရက်စ်တီလာဆင်က ထရမ့် ကျွံသွားသည့် အချက်ကို ချက်ချင်းပြန်ဖာထေးပြောခဲ့သည်။ ယင်းသို့ အိမ်ဖြူတော်မှ မဆင်မခြင် ပြောခြင်းမှာ ပုံမှန်မဟုတ်သောကြောင့် လူအများ စိတ်ပူကြခြင်း ဖြစ်သည်ဟု လေ့လာသူတို့က သုံးသပ်သည်။

သို့သော်လည်း မြောက်ကိုရီးယားနှင့် တကယ်တမ်း စစ်ဖြစ်လျှင် ကြားထဲမှ အဆိုးဆုံးခံရမည့် တောင်ကိုရီးယားသည်ပင် လတ်တလော သိပ်ပူပန်ဟန် မရှိပေ။ သြဂုတ်လ ၉  ရက်နေ့တွင် တောင်ကိုရီးယားသမ္မတ အိမ်ပြာတော်မှ ထိပ်တန်းတာဝန်ရှိသူတစ်ဦးက သတင်းထောက်များကို ပြောကြားခဲ့ရာ၌ လက်ရှိအခြေအနေသည် အကျပ်အတည်းအဆင့်သို့ မရောက်သေးကြောင်း၊ ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ခြေများကြောင်း  ထည့်ပြောသွားခဲ့သည်။

ယင်းမှာ အကောင်းမြင်စရာ အကြောင်းတစ်ရပ်ပင် ဖြစ်သည်။

Ref: BBC