News

POST TYPE

NEWS

ထိုင်းရောက် မြန်မာလုပ်သား လေးသိန်းခွဲကို CI လက်မှတ်များ ဩဂုတ် ၁၅ ရက်တွင် စတင် ထုတ်ပေးမည်
10-Aug-2017

ရန်ကုန်၊ ဩဂုတ် ၁၀

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ခွင့် သက်တမ်းကုန်ဆုံးနေသူများနှင့် အထောက်အထားမဲ့ မြန်မာအလုပ်သမား လေးသိန်းခွဲခန့်ကို ဩဂုတ် ၁၅ ရက်မှစ၍ CI (မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်)များ ပြုလုပ်ပေးမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ မြန်မာအလုပ်သမား သံအရာရှိ ဦးမိုးအောင်ခိုင်က ပြောကြားသည်။

“၁၅ ရက်နေ့ကို စလုပ်ပေးမယ်။ အခု CI စခန်းမှာ ဆေးစစ်တာတွေပါ တစ်ခါတည်း လုပ်ပေးမှာမို့လို့ ထိုင်းအစိုးရဘက်က စက်တွေ တောင်းနေတယ်။ ဆေးစစ်မယ့် စက်တွေချပေးဖို့ ညှိနှိုင်းနေပါတယ်”ဟု ၎င်းက ဆိုသည်။

ဇူလိုင်လ ၂၄ ရက်မှ ဩဂုတ်လ ၇ ရက်အထိကို ထိုင်းအလုပ်သမား ဝန်ကြီးဌာနက အထောက်အထားမဲ့ နိုင်ငံခြားသားစာရင်း ကောက်ယူခဲ့ရာ စာရင်းပေးသွင်းသူ ခုနစ်သိန်း ခုနစ်သောင်းကျော် ရှိခဲ့ပြီး မြန်မာ အလုပ်သမား လေးသိန်းခွဲခန့်ရှိကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

(မည်သူမည်ဝါ ဖြစ်ကြောင်း ထောက်ခံချက် ထုတ်ပေးသည့်) CI စာအုပ် ပြုလုပ်ရန် စာအုပ်ဖိုးအား 7 Eleven စတိုးဆိုင်များတွင် သွားရောက် ပေးသွင်းရမည်ဖြစ်ပြီး ငွေသွင်းပြီးပါက ငွေသွင်းပြေစာယူကာ CI ထုတ်ပေးရေး စင်တာများတွင် ဆက်လက် လုပ်ဆောင်ရမည်ဖြစ်သည်။

CI စာအုပ် ထုတ်ယူသူများကို ကျန်းမာရေး စစ်ဆေးမှု၊ ဗီဇာ၊ Work Permit ပြုလုပ်မှုများကို တစ်နေရာတည်း One Stop Service ဖြင့် လုပ်ဆောင်နိုင်ရန် စင်တာများတွင် ထိုင်းအလုပ်သမားဌာန ထိုင်းလဝက၊ ထိုင်းကျန်းမာရေး ဌာနမှ တစ်ပြိုင်တည်း ရုံးထိုင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဦးမိုးအောင်ခိုင်က ပြောကြားသည်။

ယခင်က CI ထုတ်ပေးသည့် စခန်း ခြောက်ခု ရှိသော်လည်း မလုံလောက်သဖြင့် မြန်မာ အလုပ်သမား အများစု အလုပ် လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံ တောင်ပိုင်းရှိ စွန်ခလာ၊ ချင်းမိုင်၊ နခွန်ဝမ်မြို့နယ်အတွင်း CI စခန်းသုံးခုကို ထပ်မံ တိုးချဲ့ ဖွင့်ပြီးဖြစ်သည်။

လက်ရှိတွင် CI လက်မှတ်များကို မဲဆောက်၊ မဲဆိုင်၊ ရနောင်း၊ မဟာချိုင်း၊ စမွန်ခရိုင်၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးများတွင် မတ်လ ၃ ရက်မှစတင်ကာ ဇူလိုင်လ ၃၁ ရက်အထိ ငါးလတာအတွင်း  မြန်မာရွှေ့ ပြောင်းလုပ်သား ၂၆၀ဝဝဝ ခန့်ကို ထုတ်ပေးပြီးဖြစ်ကြောင်း ၎င်းကပြောကြားသည်။

J-18


  • VIA