News

POST TYPE

NEWS

တရုတ် အပါအဝင် လေးနိုင်ငံက ပိုလျှံ လျှပ်စစ်ကို မြန်မာသို့ ရောင်းချရန် ကမ်းလှမ်း
10-Aug-2017

နေပြည်တော်၊ ဩဂုတ် ၁၀

မြန်မာနိုင်ငံ၌ နွေရာသီရောက်တိုင်း လျှပ်စစ်ဓာတ်အား လိုအပ်ချက် ကြီးမားနေသောကြောင့် တရုတ် အပါအဝင် နိုင်ငံ လေးနိုင်ငံက ပိုလျှံနေသည် လျှပ်စစ်ဓာတ်အားများကို ပြန်လည် ရောင်းချရန် လာရောက် ကမ်းလှမ်းမှုများရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန် ဦးစိုးမြင့်က ပြောကြားသည်။

လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနတွင် ဩဂုတ်လ ၁ဝ ရက်နေ့က ပြုလုပ်သည့် အပတ်စဉ် သတင်းစာ ရှင်းလင်းပွဲတွင် The Voice က ပြည်ပနိုင်ငံများမှ လျှပ်စစ်ဓာတ်အား ပြန်ဝယ်မည့်သတင်းများ ထွက်ပေါ်နေမှုနှင့်ပတ်သက်ပြီးမေးမြန်းရာ ဒုတိယ အမြဲတမ်း အတွင်းဝန်က ပြန်လည် ဖြေကြားခြင်းဖြစ်သည်။

မြန်မာနိုင်ငံသို့ လျှပ်စစ်ဓာတ်အား ပြန်ရောင်းရန် ကမ်းလှမ်းသည့်နိုင်ငံများမှာ တရုတ်၊ အိန္ဒိယ၊ ထိုင်းနှင့် လာအိုနိုင်ငံတို့ဖြစ်သည်။

မြန်မာနိုင်ငံ၏ ပထဝီဝင် အနေအထားအရ ရေရရှိသည့် မိုးရာသီနှင့် ဆောင်းရာသီတို့တွင် လျှပ်စစ်ဓာတ်အား ပိုမိုနေသော်လည်း ရေရရှိမှု နည်းပါးသည့် နွေရာသီတွင် လျှပ်စစ်ဓာတ်အား လိုအပ်ချက် ရှိနေခြင်းကြောင့် ရောင်းချလိုသည့် ပြည်ပနိုင်ငံများက ပေးနိုင်သည့်ဈေးနှုန်းနှင့် နိုင်ငံအတွင်းရှိ သွင်းအားစုများက ရင်းနှီးမြှုပ်နှံသည့် အနေအထား၊ ဘတ်ဂျက် အခြေအနေအပေါ် မူတည်ပြီး ဝယ်ယူမည့်ကိစ္စကို ဆွေးနွေးနေသည့်အပြင် ဝယ်သင့် မဝယ်သင့်ကို ဆုံးဖြတ်ချက် မချမှတ်ရသေးဟု ၎င်းက ပြောကြားသည်။

သူတို့နိုင်ငံတွေက ပိုလျှံလို့ လာကမ်းလှမ်းနေတာပါ။ ဒီဘက်ကလည်း လျှပ်စစ်ဓာတ်အား လိုအပ်ချက် ဖြည့်ဆည်းပေးဖို့ လုပ်နိုင်သမျှ နည်းလမ်း ပေါင်းစုံလုပ်နေပါတယ်ဟု ဦးစိုးမြင့်က ဆိုသည်။

နွေရာသီ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ဖြည့်ဆည်းရန် ၅ နှစ်စီမံကိန်း ရေးဆွဲ ပြင်ဆင်ထားကြောင်း၊ ယခင်နှစ် နွေရာသီတွင် လျှပ်စစ်ဓာတ်အား လိုအပ်ချက်မှာ ရန်ကုန်မြို့တစ်မြို့တည်းတွင် ၁၇၀၀ ကီလိုဝပ်ရှိခဲ့ပြီး တစ်နိုင်ငံလုံးတွင် ၇၀၀ မဂ္ဂဝပ်ရှိခဲ့ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြောကြားသည်။

မြန်မာတစ်နိုင်ငံလုံးတွင် ပုဂ္ဂလိကနှင့် အခြားကဏ္ဍများ၌ လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ရေးအတွက် ၂၀၁၆-၂၀၁၇ ခုနှစ်တွင် ထရန်စဖော်မာ အလုံးပေါင်း ၆၀၄၆ လုံးကို တပ်ဆင်ခဲ့သည်ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနထံမှ စုံးစမ်းသိရှိရသည်။

T.L


  • VIA