News

POST TYPE

NEWS

ဗင်နီဇွဲလားပြည်တွင်း နိုင်ငံရေး တင်းမာမှုများအတွက် စေ့စပ်ညှိနှိုင်းကြရန် ကုလအတွင်းရေးမှူးချုပ် တိုက်တွန်း
10-Aug-2017

ကာရာကတ်စ်၊ ဩဂုတ် ၉

တောင်အမေရိကမှ ဗင်နီဇွဲလားနိုင်ငံတွင် ဖြစ်ပေါ်နေသော အစိုးရနှင့် အစိုးရ အတိုက်အခံ အင်အားစုများအကြား တင်းမာမှုအတွက် ဆွေးနွေးညှိနှိုင်းမှုများဖြင့် အဖြေရှာကြရန် ဗင်နီဇွဲလား ပြည်သူအားလုံးကို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရီစ်က တိုက်တွန်းလိုက်ကြောင်း Xinhua သတင်းဌာနက ရေးသားဖော်ပြသည်။
 
အထွေထွေ အတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူက ကုလသမဂ္ဂအနေနှင့် ဗင်နီဇွဲလားနိုင်ငံတွင်း ဖြစ်ပေါ်နေသော အခြေအနေ အရပ်ရပ်ကို အနီးကပ် စောင့်ကြည့်လျက် ရှိသည်ဟု ဆိုသည်။
 
“ယခုလို တိုင်းပြည်အနာဂတ်အတွက် အင်မတန် အရေးကြီးနေတဲ့အချိန်မှာ ဗင်နီဇွဲလားပြည်သူတွေအားလုံးအနေနဲ့ တင်းမာမှုတွေ လျော့ကျသွားစေမယ့် ဖြစ်နိုင်ခြေရှိတဲ့ ကြိုးပမ်းချက်တွေနဲ့ စေ့စပ်ညှိနှိုင်းမှုတွေ ပြုလုပ်သင့်တယ်လို့ အထွေထွေ အတွင်းရေးမှူးချုပ်က တိုက်တွန်းထားပါတယ်”ဟု ပြောရေးဆိုခွင့်ရှိသူ စတက်ဖီဒူ ဂျာရစ်က ပြောကြားသည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရီစ်နှင့် အခြားကုလအရာရှိကြီးများသည် ဗင်နီဇွဲလားနိုင်ငံတွင်း အစိုးရဆန့်ကျင်ရေး အင်အားစုများနှင့်  လုံခြုံရေး တပ်ဖွဲ့ဝင်များအကြား ပဋိပက္ခဖြစ်ပွားမှုနှင့် မတည်မငြိမ်မှုများကို လျှော့ချပစ်ရန် ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းကတည်းက တိုက်တွန်းခဲ့ကြသည်။ 

ဗင်နီဇွဲလားတွင် အတိုက်အခံများက မဲဆန္ဒနယ် လွှတ်တော်ရွေးကောက်ပွဲကို ဆန့်ကျင်ဆန္ဒပြလျက်ရှိပြီး အာဏာရှင်ဆန်သော သမ္မတ မာဒူရို နုတ်ထွက်ပေးရန် တောင်းဆိုထားကြသည်။ 

မီဒီယာ သတင်းပေးပို့ချက်များအရ သမ္မတမာဒူရိုက အဆိုပါ မဲဆန္ဒနယ်လွှတ်တော် ရွေးကောက်ပွဲတွင် အောင်မြင်မှု ရရှိကြောင်း ကြေညာခဲ့ပြီးဖြစ်သည်။

ရွေးကောက်ပွဲတွင် အနိုင်ရရှိမှုကြောင့် အသစ် တက်လာမည့် လွှတ်တော်အဖွဲ့က လက်ရှိ ဥပဒေပြု လွှတ်တော်ကို ဖျက်သိမ်းပစ်နိုင်သည့် အနေအထားတွင် ရှိနေသည်။
 
အတိုက်အခံ အင်အားစုများကမူ သမ္မတ မာဒူရိုလက်ထက် နိုင်ငံစီးပွားရေး အဆမတန် ကျဆင်းလာခဲ့ကြောင်း၊ ၎င်းသည် အာဏာ ဆက်လက် တည်မြဲရေးအတွက် ကြိုးပမ်းနေခြင်းသာဖြစ်ကြောင်း စွပ်စွဲပြောဆိုလျက်ရှိသည်။ 

ဗင်နီဇွဲလားတွင် လအတန်ကြာ ဖြစ်ပေါ်ခဲ့သော ဆူပူဆန္ဒပြမှုများအတွင်း ဆန္ဒပြသူများနှင့် လုံခြုံရေးတပ်ဖွဲ့များအကြား ပဋိပက္ခကြောင့် လူပေါင်း ၁၁၀ ကျော်ခန့် သေဆုံးခဲ့ရသည်။
 
အကြမ်းဖက် ဆန္ဒပြမှုမှုများ ဆက်တိုက်ဖြစ်ပွားခဲ့သော လေးလတာ ကာလအတွင်း စစ်တပ်က သမ္မတမာဒူရိုကို အကြွင်းမဲ့ သစ္စာခံမည်ဖြစ်ကြောင်း အကြိမ်ကြိမ် အတည်ပြု ပြောဆိုခဲ့သည်။

F-01


  • VIA