News

POST TYPE

NEWS

အမျိုးသားနှစ်ဦး ထင်းရှူးပင်တွင် အတူ ကြိုးဆွဲချ
10-Aug-2017
ရန်ကုန်၊ သြဂုတ် ၁၀

ရှမ်းပြည်(တောင်ပိုင်း)၊ အောင်ပန်းမြို့၊ ရေစက်ဆုံ ဘုန်းကြီးကျောင်းမြောက်ဘက် မြေနီကျင်းကျေးရွာအနီး ထင်းရှူးတောတွင် သြဂုတ်လ ၁၀ ရက် (ယနေ့) နံနက် ၈ နာရီခွဲက အမျိုးသားနှစ်ဦး ပြိုင်တူ ကြိုးဆွဲချ သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း အောင်ပန်းမြို့ နာရေးကူညီမှုအသင်းထံမှ စုံစမ်းသိရှိရသည်။

သေဆုံးသူ အမျိုးသားနှစ်ဦးမှာ အောင်ပန်းမြို့ရှိ လွယ်မောကျေးရွာမှ အသက် ၂၀ နှစ် ဖိုးကင်းနှင့် အေးမြင့်သာယာကျေးရွာမှ အသက် ၁၈ နှစ် ဟိန်းထက်ကျော်တို့ ဖြစ်ပြီး နိုင်လွန်ကြိုးဖြင့် ထင်းရှူးပင်ကိုင်းတွင် မျက်နှာချင်းဆိုင် ကြိုးဆွဲချလျက် သေဆုံးနေသည်ကို ဒေသခံတစ်ဦးက စတင်မြင်တွေ့ခဲ့သည်။

“သေဆုံးသူနှစ်ယောက်မှာ အခြားပြင်ပဒဏ်ရာ မရှိဘူး။ သူတို့အနားမှာ မောင်းလို့ရသေးတဲ့ တရုတ်ဆိုင်ကယ် အစုတ်တစ်စီးတော့ ရှိတယ်။ အလောင်းပိုင်ရှင် သိရအောင် အနီးက ရွာတွေ လိုက်လံစုံစမ်းခဲ့တာ ဒီနေ့ နေ့လည်မှာ ပိုင်ရှင်တွေနဲ့ အဆက်အသွယ် ရခဲ့တယ်။ ဘာကြောင့် သေရလဲဆိုတာတော့ ရဲက စစ်နေတုန်းပဲ” ဟု အောင်ပန်းမြို့ နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးစိုးနိုင်က ပြောကြားသည်။

ထင်းရှူးပင်တွင် ပြိုင်တူ ကြိုးဆွဲချ သေဆုံးနေသူ နှစ်ဦးမှာ လိင်တူချစ်သူများ ဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရပြီး သေဆုံးရခြင်း အကြောင်းအရင်းကို သိရှိနိုင်ရန် ရုပ်အလောင်းများကို အောင်ပန်းမြို့နယ်ဆေးရုံတွင် ရင်ခွဲစစ်ဆေးနေကြောင်း ယင်းနာရေးကူညီမှုအသင်းထံမှ စုံစမ်းသိရှိရသည်။

S-03
ဓာတ်ပုံ - အောင်ပန်း နာရေးကူညီမှုအသင်း