News

POST TYPE

NEWS

တောင်အာဖရိကတွင် သမ္မတဇူးမား အယုံအကြည်မရှိ အဆိုမှ လွတ်မြောက်၊ ANC အမတ်အချို့ အတိုက်အခံများနှင့် ပူးပေါင်း
10-Aug-2017
ကိပ်တောင်း၊ သြဂုတ် ၉

တောင်အာဖရိက သမ္မတဇူးမားသည် အင်္ဂါနေ့က လွှတ်တော်တွင် ၎င်းအား ဖြုတ်ချမည့် အယုံအကြည်မရှိ အဆိုမဲခွဲမှုမှ လွတ်မြောက်လာခဲ့သော်လည်း ၎င်း၏ အာဏာရ ANC ပါတီမှ အမတ်အချို့က အတိုက်အခံများနှင့် ပူးပေါင်းမဲပေးခဲ့ခြင်းကြောင့် နိုင်ငံရေး အကွဲအပြဲဒဏ်ရာ ကျန်ရစ်ခဲ့သည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။

အင်္ဂါနေ့က မဲခွဲမှုတွင် ANC အမတ်များက ဇူးမားကို ထောက်ခံသောကြောင့် ၁၉၈ မဲ ရရှိခဲ့ပြီး အတိုက်အခံများက ၁၇၇ မဲသာ ရရှိခဲ့သည်။ မဲမပေးသူ ကိုးဦး ရှိသည်။

သမ္မတရာထူးကို ၈ နှစ် ထမ်းဆောင်ခဲ့သော ဇူးမား အသာစီးရခဲ့သော မဲခွဲမှုရလဒ်ကို လွှတ်တော်ဥက္ကဋ္ဌက တရားဝင် မကြေညာမီကပင် ANCအမတ်များက မြူးထူးသီဆို ကခုန်နေကြသည်ဟု သိရှိရသည်။

ရလဒ်ကြေညာပြီးနောက်တွင် လွှတ်တော်အပြင်ဘက်၌ စုဝေးဂုဏ်ပြုနေကြသော ပြည်သူများကို သမ္မတဇူးမားက “ပြည်သူတွေက ANC ပါတီကို မထောက်ခံကြတော့ဘူးလို့ အတိုက်အခံတွေက မီဒီယာကနေ ဝါဒဖြန့်နေကြတယ်။ ဒါကတော့ သူတို့ရဲ့ အထင်အမြင်သာ ဖြစ်ပါတယ်။ ANC ကို လူများစုက ထောက်ခံကြပါတယ်” ဟု ပြောကြားခဲ့သည်။

မဲခွဲမှုတွင် ရှုံးနိမ့်သွားပါက ဇူးမားနှင့် ၎င်း၏ အစိုးရတစ်ဖွဲ့လုံး နုတ်ထွက်ပေးရမည် ဖြစ်သည်။ လွှတ်တော်ဥက္ကဋ္ဌ ဘာလက်ကာ အမ်ဘီတီက အယုံအကြည်မရှိ အဆို မဲခွဲမှုကို ယခင်အခေါက်များနှင့်မတူဘဲ လျှို့ဝှက်မဲစနစ်ဖြင့် ပြုလုပ်ရန် ဆုံးဖြတ်ပေးခဲ့သည်။

လွှတ်တော်နေရာ ၄၀၀ ရှိသည့်အနက် f ANC ပါတီက ၂၄၉ နေရာနှင့် အတိုက်အခံများက ၁၅၁ နေရာ ရရှိထားရာ ဇူးမားအစိုးရကို ဖြုတ်ချမည့် အတိုက်အခံများ အနိုင်ရရန်အတွက် ANC အမတ် ၅၀ ၏ ထောက်ခံမှုကို လိုအပ်သည်။

မည်သို့ပင်ဖြစ်စေ ယခုရလဒ်က ဇူးမားအပေါ် ANC အမတ်များ သဘောကွဲလွဲမှုကို ပြသနေပြီး လွှတ်တော်တွင် အတိုက်အခံများဘက်သို့ လိုက်၍ မဲပေးခဲ့သူများနှင့် မဲမပေးပဲ ကြားနေခဲ့သူများ၏ အရေအတွက်ကို လေ့လာသုံးသပ်သွားမည်ဟု ANC ပါတီ ခေါင်းဆောင်ပိုင်းက ပြောကြားသည်။

ANC ၏ စည်းကမ်းထိန်းသိမ်းရေး တာဝန်ခံ ဂျက်ဆန်အန်သာဘူက “ဇူးမားကို ဖယ်ရှားဖို့ မဲပေးခဲ့တဲ့ ANC အမတ်အရေအတွက်က ၂၀ တောင် မပြည့်ပါဘူး။ ဒါပေမဲ့ ပါတီအတိုက်အခိုက်ခံနေရတဲ့ အချိန်မှာ ကာကွယ်ပေးဖို့ ဆန္ဒမရှိရတဲ့ အကြောင်းရင်းက ဘာလဲဆိုတာကို လေ့လာနေပါတယ်” ဟု ပြောကြားသည်။

အဓိက အတိုက်အခံပါတီ DA ခေါင်းဆောင် အန်မူဆီမိုင်မာနီက ANC နှစ်ခြမ်းကွဲနေခြင်းကို ယခုရလဒ်က ပြသနေသည်ဟု ပြောဆိုလိုက်သည်။

လက်ဝဲယိမ်း EFF ပါတီခေါင်းဆောင် ဂျူးလီးယပ်စ်မာလီမာက အတိုက်အခံများဘက်မှ မဲပေးခဲ့သော ANC အမတ် ၂၆ ဦး ရှိပြီး ကိုးဦး မဲမပေးဘဲ ကြားနေခဲ့သည်ဟု ပြောကြားသည်။

၂၀၁၉ အထိ သမ္မတသက်တမ်း ကျန်နေသေးသည့် ဇူးမားသည် ဒီဇင်ဘာလတွင် ANC ပါတီ၏ ပဲ့ကိုင်အဖြစ်မှ အနားယူကာ အစားဝင်မည့် ဥက္ကဋ္ဌသစ်ကို ရွေးချယ်တင်မြှောက်မည်ဟု သိရှိရသည်။

အယုံအကြည်မရှိအဆို မဲမခွဲမီ ANC ပါတီက အစည်းအဝေးကျင်းပကာ ဇူးမားအား ထောက်ခံကြရန် ဆုံးဖြတ်ခဲ့သည်။

လွှတ်တော်တွင် မဲမခွဲမီရက်များက တောင်အာဖရိကတစ်ဝန်း လမ်းများပေါ်တွင် ဆန္ဒပြမှုများကြောင့် ဆူပူရှုပ်ထွေးမှုများ ရှိခဲ့ပြီး မြို့တော်ကိပ်တောင်းတွင် သမ္မတဇူးမားကို ကန့်ကွက်သူများရော ထောက်ခံသူများပါ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

အာဖရိက Standard Chartered ဘဏ်မှ စီးပွားရေးပညာရှင် ရာဇီယာခမ်းက “ဒီဇင်ဘာလ ANC ပါတီတွင်း ဥက္ကဋ္ဌသစ် ရွေးပွဲမှာ ဒီအကွဲအပြဲကို ကုစားနိုင်မလား  ဆိုတာကို အဓိကထားရမှာပါ” ဟု ဆိုသည်။

NKC လွတ်လပ်သော စီးပွားရေး ပညာရှင်များအဖွဲ့မှ နိုင်ငံရေးအကဲခတ် ဂယ်ရီဗင်စတာဒန်က “ဒီရလဒ်ကို မအံ့သြပါဘူး။ ANC ဟာ ဇူးမားကို ဆက်ထားပြီး ပါတီအတွက် ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ရွေးချယ်ခဲ့တာပါ” ဟု သုံးသပ်ပြောကြားသည်။              

F-04