News

POST TYPE

NEWS

မန္တလေးတွင် ဗိုလ်ချုပ်ရုပ်တု နောက်တစ်ခုတိုးမည်
10-Aug-2017
မန္တလေး၊ ဩဂုတ် ၉

ကျပ်သိန်း သုံးသောင်းခန့် ကုန်ကျမည့် ဗိုလ်ချုပ်အောင်ဆန်း ကျောက်ဆစ်ရုပ်တုကို မန္တလေးမြို့တွင် စတင် ထုလုပ်နေပြီဖြစ်ကြောင်း ပြည်သူ့အပန်းဖြေဥယျာဉ် တည်ဆောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းတန် (သိန်းတန် စာနယ်ဇင်း) က ပြောကြားသည်။

ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ပြုလုပ်နိုင်ရေးအတွက် စကျင်ရုပ်တုနှင့် အရွယ်တူ ရွှံ့ပလာစတာရုပ်တု ဩဂုတ်လ ၉ ရက်နေ့ကစ၍ ထုလုပ်နေပြီဟု ၎င်းက ပြောဆိုသည်။

“တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေ မလုပ်ကြတဲ့အခါကျတော့ တာဝန်သိတဲ့ မန္တလေးသူ မန္တလေးသားတွေက ဗိုလ်ချုပ်ကို ထိုက်ထိုက်တန်တန် ဂုဏ်ပြုကြမယ်ဆိုပြီးတော့ လုပ်ကြတဲ့သဘောပေါ့။ စကျင်ကျောက် ဆိုတာက အင်မတန်မှ အဖိုးတန်တယ်။ မာကြောတယ်။ ဖြူစင်တယ်။ တည်ကြည်တယ်ဆိုပြီးတော့ အဲ့ဒီဂုဏ်ရည်ကို ယူပြီးတော့ ထုလုပ်တာ ဖြစ်ပါတယ်”ဟု ၎င်းက ရှင်းပြသည်။ 

ပလာစတာရုပ်တု ပြုလုပ်ချိန် သုံးလခန့်ကြာမြင့်နိုင်ရာ ထုလုပ်ပြီးစီးပါက မြို့မိမြို့ဖများနှင့် အများပြည်သူများကိုချပြ၍ အကြံဉာဏ်များ ရယူကာ ၎င်းတို့၏ အကြံဉာဏ်အတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်အောင်ဆန်း ကျောက်ဆစ်ရုပ်တုနှင့် ဗိမာန်၊ ပြည်သူ့အပန်းဖြေဥယျာဉ် တည်ဆောက်ရေးအဖွဲ့ဝင်များက ပြောဆိုသည်။

လက်ရှိတွင် ဗိုလ်ချုပ်အောင်ဆန်း ကျောက်ဆစ်ရုပ်တုနှင့် ဗိမာန်၊ ပြည်သူ့ အပန်းဖြေဥယျာဉ် ပြုလုပ်နိုင်ရန် မန္တလေး တိုင်းအစိုးရအဖွဲ့ထံ တင်ပြတောင်းခံထားကြောင်း၊ အဆိုပါ ကျောက်ဆစ်ရုပ်တုသည် ထိုင်လျက်ပုံစံဖြစ်ပြီး ထိုင်ခုံပါအမြင့် ၁၅ ပေခန့် ရှိမည်ဖြစ်ကြောင်း၊ ဗိုလ်ချုပ်ရုပ်တုကို မြန်မာမှုဗိသုကာပညာရှင် တမ္ပဝတီ ဦးဝင်းမောင်က ဦးဆောင်၍ ပန်းပုပညာရှင် ဦးလှမြင့် (ပြည့်ဝ) ကျောက်ဆစ်ပညာရှင် အောင်မင်း (မုဒိတာ) တို့က ထုဆစ်မည်ဖြစ်ကြောင်း ဗိုလ်ချုပ်အောင်ဆန်း ကျောက်ဆစ်ရုပ်တုနှင့် ဗိမာန်၊ ပြည်သူ့အပန်းဖြေဥယျာဉ် တည်ဆောက်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ဗိုလ်ချုပ်အောင်ဆန်းပုံစံတူ စကျင်ကျောက်ဆစ်ရုပ်တုနှင့် အရွယ်တူ ရွှံ့ပလာ စတာရုပ်တုပြုလုပ်ရန် အောင်မြေသာစံ မြို့နယ်ရှိ မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရားနှင့် နန်းမြေဘုံသာစံနန်းတော်ရာ စန္ဒာမုနိဘုရားအနီးတွင် ယာယီ အဆောက်အအုံ ဆောက်လုပ်ထားသည်။

လက်ရှိအချိန်၌ မနောရမ္မံလူထု ဟစ်တိုင်အနီးရှိ ဗိုလ်ချုပ်ပန်းခြံနှင့်  ပြည်ကြီးတံခွန်မြို့နယ်ရှိ မန္တလာတံခွန် ပန်းခြံတို့တွင် ဗိုလ်ချုပ်အောင်ဆန်းပုံစံတူ ကြေးရုပ်တုများ ထားရှိပြီးဖြစ်ရာ စကျင်ကျောက်ဖြင့် ထုဆစ်မည့် ဗိုလ်ချုပ်အောင် ဆန်းရုပ်တုသည် မန္တလေးမြို့၏ တတိယမြောက် ရုပ်တုဖြစ်ကြောင်း မန္တလေးမြို့ခံများထံမှ သိရသည်။

M-05



  • VIA