News

POST TYPE

NEWS

ပုဂံဘုရားသုံးဆူ၏ နံရံဆေးရေး ပန်းချီများကို အရေးပေါ် ပြုပြင်မည်
10-Aug-2017

ရန်ကုန်၊ ဩဂုတ် ၉

ပုဂံယဉ်ကျေးမှုဒေသရှိ နံရံ ဆေးရေးပန်းချီများနှင့် ဗိသုကာသုခုမ တန်ဖိုးများဖြင့် ထင်ရှားသော လောကထိပ်ပန်ဘုရား၊ ရွှေလိပ်တူးဘုရားနှင့် မြေဘုံသာ ဘုရားလှတို့ရှိ နံရံဆေးရေး ပန်းချီများကို အရေးပေါ် ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်မည်ဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနထံမှ သိရသည်။

ဘုရားအမှတ်(၁၅၈၀)လောက ထိပ်ပန်ဘုရား၊ ဘုရားအမှတ် (၁၅၁၂) မြေဘုံသာ ဘုရားလှ၊ ဘုရားအမှတ် (၂၅၉) ရွှေလိပ်တူးဘုရားတို့ရှိ နံရံဆေးရေး ပန်းချီများကို အရေးပေါ် ပြုပြင်ခြင်းကို ဩဂုတ် ၇ ရက်မှ ၁၃ ရက်အတွင်း ဆောင်ရွက်မှုများ ပြုလုပ်မည်ဖြစ်ကြောင်းနှင့် ဓာတုဗေဒနည်းများနှင့် ပြုပြင်ခြင်းများကို ဆောင်ရွက်မည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနထံမှ သိရသည်။


“ဒီအတိုင်းထားရင် ဆက်ပြင်လို့ကို ရမှာမဟုတ်ဘူး၊ အကုန် ကွာကျကုန်တော့မှာမို့လို့ အရေးပေါ် ထိန်းသိမ်းတဲ့ သဘောပါ။ လက်ရှိ ဘတ်ဂျက် အနေအထားအရ အလုံးစုံတော့ မပြင်နိုင်ပါဘူး”ဟု စီမံဌာန ညွန်ကြားရေးမှူး ဦးဇော်ဇော်ထွန်းက ပြောသည်။

“လောကထိပ်ပန်ဘုရားမှာ နံရံဆေးရေး ပန်းချီတွေက ခေတ်သမိုင်းရဲ့ အနုပညာ လက်ရာတွေကို ပုံဖော်ထားတာတွေ အများကြီးရှိတယ်။ မြေဘုံသာလှတို့ ရွှေလိပ်တူးတို့ကတော့ တည်ဆောက်ထားတဲ့ ဗိသုကာက ထူးခြားမှုတွေ ရှိနေတယ်။ ဒါကြောင့်မို့ အရေးပေါ်အနေနဲ့ ပြုပြင်တာဖြစ်မယ်”ဟု ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် (ပုဂံဌာနခွဲ) နံရံဆေးရေးဌာန ဦးစီးအရာရှိ ဦးကြည်လင်းက ပြောဆိုသည်။

ပုဂံဒေသတွင် နံရံဆေးရေးပန်းချီ များနှင့် အနုသုခုမ လက်ရာများ တည်ရှိသည့်ဘုရားပေါင်း လေးရာ့သုံးဆယ်ကျော် ရှိသည့်အနက် ယခင်နှစ် ဩဂုတ်လအတွင်းက ငလျင်ဒဏ်ကြောင့် ဘုရား ၁၅၀ ကျော်တွင် နံရံဆေးရေး ပန်းချီများနှင့် အနုလက်ရာများ ပျက်စီးမှုရှိခဲ့ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် (ပုဂံဌာနခွဲ) နံရံဆေးရေးဌာနထံမှ သိရသည်။

နံရံဆေးရေး ပန်းချီများကို အရေးပေါ် ထိန်းသိမ်းမှုအနေနှင့် လောကထိပ်ပန် ဘုရားကို လက်ရှိတွင် ကနဦး ထိန်းသိမ်းစောင့်ရှောက်မှုများ ပြုလုပ်ထားပြီးဖြစ်ကြောင်းနှင့် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွင်း ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ဘုရား၂၇ ဆူရှိ နံရံဆေးရေး ပန်းချီများကို ထိန်းသိမ်းပြီးဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် (ပုဂံဌာနခွဲ) နံရံဆေးရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဝင်းက ပြောကြားသည်။ 

J-14


  • VIA