News

POST TYPE

NEWS

YBS ယာဉ်ဟောင်း ၄၀၀ ခန့် ယခုနှစ်အတွင်း အပ်နှံခွင့်ပြုရန် စီစဉ်
10-Aug-2017
ရန်ကုန်၊ သြဂုတ် ၉

နှစ် ၂၀ ကျော် သက်တမ်းရှိ ယာဉ်အို၊ ယာဉ်ဟောင်းများဖြစ်သော ၁၉၉၆၊ ၁၉၉၇၊ ၁၉၉၈ ခုနှစ်ထုတ် မော်ဒယ်လ် ခရီးသည်တင် ယာဉ်အစီး ၄၀၀ ခန့်ကို အိုဟောင်း အပ်နှံခွင့်ပြုကာ လူစီးထုတ်ပေးခြင်းကို ယခုနှစ်အတွင်း ဆောင်ရွက်နိုင်ရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA ထံမှ သိရသည်။ 

“YBS ယာဉ်လိုင်းမှာ ယာဉ်ဟောင်းတွေအပ်ပြီး ယာဉ်သစ်တွေနဲ့ပဲ ပြေးအောင် ဆောင်ရွက်ခြင်း ဖြစ်တယ်။ လက်ရှိ ခန့်မှန်းခြေ ယာဉ်အို၊ ယာဉ်ဟောင်း ၄၀၀ ဝန်းကျင်လောက် ရှိမယ်။ ဒီနှစ်အတွင်း အပ်နှံခွင့်ရအောင် စီစဉ်နေတယ်” ဟု YRTA အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ဆိုသည်။

အဆိုပါ ယာဉ်အို၊ ယာဉ်ဟောင်းများ အပ်နှံပြီးပါက ယာဉ်သစ်များဖြင့် ထည့်သွင်းပြေးဆွဲမည် ဖြစ်ပြီး တိုင်းအစိုးရအဖွဲ့ အပါအဝင် ပုဂ္ဂလိက ကုမ္ပဏီများက ဝယ်ယူထားသည့် ယာဉ်သစ် ၂၅၀၀ စီးကျော် ရှိကြောင်း YRTA ထံမှ သိရသည်။

အဆိုပါ ယာဉ်များသည်လည်း နှစ် ၂၀ သက်တမ်းကျော် ယာဉ်များဖြစ်၍ အပ်နှံခွင့် ပြုသင့်ပြီး လူစီးစလစ် ပြန်လည်ထုတ်ပေးခြင်းကြောင့် ယာဉ်ပိုင်ရှင်များအတွက် ကောင်းမွန်စေသည့် အခွင့်အရေး ဖြစ်ကြောင်း YBS ယာဉ်လိုင်းပိုင်ရှင်များက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ၁၉၉၅ ခုနှစ်အောက် ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံခြင်းကို ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလက ခွင့်ပြုခဲ့ပြီး သြဂုတ်လ ၃ ရက်အထိ စီးတီးဘတ်စ် ၁၁၂၂ စီး၊ မီနီဘတ်စ် ၂၃၂ စီး၊ ဘီအမ် ၃၉၀ စီး၊ ဒိုင်နာ ၁၁၇၃ စီး၊ ပစ်ကပ် ၂၃ စီး၊ ထရပ် ၂၀ စီး အပ်နှံခဲ့ကာ လူစီးစလစ် ထုတ်ယူထားပြီး ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (မြင်သာ) ထံမှ သိရသည်။

J-06