News

POST TYPE

NEWS

ကျောင်းသားတစ်ဦး လယ်ကွက်အတွင်း ရေဆင်းကူးရာမှ ရေနစ်သေဆုံး
10-Aug-2017
တောင်ငူ၊ သြဂုတ် ၁၀

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် နတ်သံကွင်းကျေးရွာအုပ်စု ရေတွင်းကုန်းကျေးရွာ မူလတန်းလွန်ကျောင်းတွင် ဆဋ္ဌမတန်း တက်ရောက်နေသည့် ကျောင်းသားတစ်ဦး သြဂုတ်လ ၉ ရက်နေ့ညနေ ၄ နာရီခွဲခန့်က ကျောင်းအပြန် လယ်ကွက်တစ်ခုတွင် ရေဆင်းကူးရာမှ ရေနစ်သေဆုံးခဲ့ကြောင်း နတ်သံကွင်း နယ်မြေရဲစခန်းထံမှ သိရသည်။

“ကောင်လေးက အစ်မနဲ့အတူ ကျောင်းကပြန်လာချိန် ရှေ့ကသွားနှင့်ပြီး လယ်ကွက်ထဲမှာ ရေဆင်းကူးခဲ့တာပါ။ နောက်ကလိုက်လာတဲ့ အစ်မက အိမ်ပြန်ရောက်တော့ မောင်ကိုမတွေ့တာနဲ့ လူကြီးတွေခေါ်ပြီး ပြန်လိုက်ရှာကြတော့မှ ကလေးကို ရေနစ်သေဆုံးနေတာ တွေ့ခဲ့ရတာပါ” ဟု နတ်သံကွင်း နယ်မြေရဲစခန်းမှူး ရဲအုပ်ကျော်ဇင်ထွန်းက ပြောကြားသည်။

ရေနစ်သေဆုံးမှုနှင့် ပတ်သက်ပြီး နတ်သံကွင်း နယ်မြေရဲစခန်းက သေမှုသေခင်း အမှတ် ၁/၂၀၁၇ ဖြင့် အမှုဖွင့်လှစ်ထားကြောင်း အဆိုပါ နယ်မြေရဲစခန်းထံမှ သိရသည်။

R-15