News

POST TYPE

NEWS

ရာထူးတိုးပေးရန် ဆရာဦးရေ ထောင်ချီကျန်
10-Aug-2017
ရန်ကုန်၊ သြဂုတ် ၉

နည်းပညာနှင့် ကွန်ပျူတာတက္ကသိုလ်များတွင် နည်းပြ၊ သရုပ်ပြ(စီနီယာ၊ ဂျူနီယာ)မှ လက်ထောက်ကထိက ရာထူးတိုးပေးရန် ဆရာဦးရေ ၁၈၉၀ကျော် ကျန်နေသေးသည်။ 

ရာထူးတိုးမျှတရေး လုပ်ဆောင်နေသည့် နည်းပညာဆိုင်ရာ ဆရာများအဖွဲ့ချုပ် (ယာယီ) ပြန်ကြားရေးမှူး ဦးဇော်မြင့်နိုင်ဦးက ယင်းသို့ ပြောကြားသည်။

တစ်နိုင်ငံလုံးတွင် လက်ထောက်ကထိကနှင့် ယင်းအဆင့်တူ ရာထူးလစ်လပ်နေရာ ၂၁၈၀ ကျော်ရှိသည်။ 

လက်ထောက်ကထိက ရာထူးသည် ပြန်တမ်းဝင်အရာရှိဖြစ်၍ ဝင်ခွင့်စာမေးပွဲဖြေရမည်ဟု ပြည်ထောင်စုရာထူးဝန်အဖွဲ့က ယခုနှစ် ဇူလိုင်လဆန်းတွင် စာထုတ်ပြန်သည်။

ယင်းသို့ ထုတ်ပြန်ခြင်းသည် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများကို ပြင်ဆင်သည့် နည်းဥပဒေများ၌ပါရှိသည့် ပုဒ်မ(၃၅)၊ ပုဒ်မခွဲ(ခ)အရ ရာထူးအဆင့်အလိုက် အရည်အချင်းအကဲဖြတ်ရန် ပြုလုပ်ရခြင်းဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနထံမှ သိရှိရသည်။

ယင်းမူဝါဒအရ လက်ထောက်ကထိက ရာထူးတိုးရန် ဝင်ခွင့်စာမေးပွဲဖြေဆိုရမည်ဖြစ်ပြီး စာမေးပွဲဖြေဆို အောင်မြင်မှသာ ရာထူးတိုးနိုင်မည်ဖြစ်ကြောင်း သတင်းအချက်အလက် နည်းပညာ တက္ကသိုလ် ကထိကလည်းဖြစ်သူ ဦးဇော်မြင့်နိုင်ဦးက ဆိုသည်။

“ကျွန်တော် သူတို့(နည်းပြ၊ သရုပ်ပြ)တွေကို ကိုယ်ချင်းစာပါတယ်” ဟု ဦးဇော်မြင့်နိုင်ဦးက ပြောကြားသည်။

မိမိအနေနှင့် သရုပ်ပြရာထူးမှ လက်ထောက်ကထိက ရာထူးကို ပညာရေးဝန်ကြီးဌာနနှင့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနကို မပေါင်းစည်းမီ ၂၀၁၅ခုနှစ်ကတည်းက ရာထူးတိုးတင်ထားခြင်းဖြစ်ကြောင်း သရုပ်ပြလုပ်သက် ၇နှစ်ရှိ ဆရာမတစ်ဦးက ပြောဆိုသည်။

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနလက်ထက်က တစ်ကြိမ်၊ ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းပြီးနောက်ပိုင်း ၂၀၁၆ခုနှစ် ဇွန်လတွင် တစ်ကြိမ်၊ နိုဝင်ဘာလတွင် တစ်ကြိမ်၊ ယခုနှစ် မတ်လလယ်တွင် တစ်ကြိမ် စုစုပေါင်း လေးကြိမ် ရာထူးတိုးတင်ခဲ့သည်။

သို့သော် တစ်နှစ်နှင့် ဆယ်လကြာသည့်တိုင်အောင် ပြည်ထောင်စု ရာထူးဝန်အဖွဲ့သို့ တင်ပြမှုမရှိခြင်းသည် မည်သူ့တာဝန်ဖြစ်သည်၊ မည်သူ တာဝန်ပျက်ကွက်သည်ကို တာဝန်ယူ၊ တာဝန်ခံပေးရန် တောင်းဆိုကြောင်း အဆိုပါဆရာမက ပြောဆိုသည်။

“ကျွန်မအနေနဲ့ ဝင်ခွင့်စာမေးပွဲကို လုံးဝမဖြေနိုင်ပါဘူး။ စာမထုတ်ခင်ကတည်းက ရာထူးတိုးတင်ထားတာပါ” ဟု အဆိုပါ သရုပ်ပြ ဆရာမက ပြောကြားသည်။

နည်းပညာတက္ကသိုလ်များ စာမေးပွဲဖြေဆိုမည့် စက်တင်ဘာလဆန်း မတိုင်မီအထိ ရာထူးတိုးထုတ်ပြန်ပေးခြင်းမရှိပါက ဆရာများအနေနှင့် စာမေးပွဲရက်တွင် မည်သည့်တာဝန်မှ ထမ်းဆောင်မည်မဟုတ်ဘဲ ခွင့်ယူမည်ဖြစ်သည်။

ယင်းသို့သော ရာထူးတိုး မညီမျှမှု၊ ရာထူးတိုး မူဝါဒ ပွင့်လင်းမြင်သာမှု မရှိခြင်းအပေါ် နည်းပညာနှင့် ကွန်ပျူတာတက္ကသိုလ် ဆရာများက ဇူလိုင်လကုန်မှစ၍ ဖဲကြိုးပြာလှုပ်ရှားမှု စတင်ပြုလုပ်ခဲ့ကြသည်။

သြဂုတ်လဆန်းတွင် ကထိကရာထူးတိုးများ ဝန်ကြီးဌာနက ထုတ်ပြန်ပေးပြီးနောက်ပိုင်းရာထူးတိုးရန်ကျန်ရှိသည့် ဆရာအချို့နှင့် ဝန်းရံသူ ဆရာအချို့သာ ဖဲကြိုးပြာလှုပ်ရှားမှုကို ဆက်လက်ပြုလုပ်နေသည်။

ဖဲကြိုးပြာလှုပ်ရှားမှုနှင့်ပတ်သက်၍ နည်းပညာဆိုင်ရာ ဆရာများအဖွဲ့ချုပ်အနေနှင့် ဆက်လက်ထောက်ခံနေဦး မည်ဖြစ်ကြောင်း ပြန်ကြားရေးမှူး ဦးဇော်မြင့်နိုင်ဦးက ပြောဆိုသည်။

လက်ထောက်ကထိကမှ ကထိက ရာထူးတိုးရန်၊ ကထိကမှ တွဲဖက်ပါမောက္ခ ရာထူးတိုးရန် ကျန်ရှိသည့် ဆရာဦးရေကိုမူ ယင်းအဖွဲ့ချုပ်က စာရင်းကောက်ယူ စစ်ဆေးရန် ပြင်ဆင်နေသည်။

ပညာရေးဝန်ကြီးပါဝင်သော ကိုယ်စားလှယ်အဖွဲ့နှင့် သြဂုတ်လ ၈ရက်က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးရာ ယင်းကိစ္စရပ်များအပေါ် ဝန်ကြီးဌာနအနေနှင့် ပြေလည်အောင် ဖြေရှင်းပေးမည်ဟု သဘောတူခဲ့သည်။

အဆိုပါအဖွဲ့ချုပ်ကို သြဂုတ်၇ရက်က နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်များမှ ဆရာများ၊ အခြားဝန်ထမ်းများ၊ သုတေသီများပါဝင်၍ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ - မောင်မျိုးထက်