News

POST TYPE

NEWS

အမေရိကန်စစ်စခန်း ရှိသည့် ဂူအမ်ကျွန်းကို ဒုံးကျည်ဖြင့် တိုက်ခိုက်ရန် စဉ်းစားလျက်ရှိဟု မြောက်ကိုရီးယား ထုတ်ပြန်
10-Aug-2017
ဆိုးလ်၊ သြဂုတ် ၉ 

အမေရိကန် နယ်နိမိတ် ဖြစ်သလို အခြေစိုက် စစ်စခန်းလည်း ရှိသည့် ပစိဖိတ်သမုဒ္ဒရာအတွင်းမှ ဂူအမ်ကျွန်းကို ဒုံးကျည်ဖြင့် တိုက်ခိုက်ရန် စဉ်းစားနေကြောင်း မြောက်ကိုရီးယားက တရားဝင် ထုတ်ပြန်ခဲ့သည်ဟု BBC သတင်းဌာနက ဖော်ပြသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မြောက်ကိုရီးယား ‘မီးဟုန်းဟုန်း တောက်သွားစေရမည်’ ဟု ခြိမ်းခြောက်ခဲ့အပြီးတွင် မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာက ယခုကဲ့သို့ တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။

အမေရိကန်၏ မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်များ အခြေစိုက်ရာ ဂူအမ်ကျွန်းကို တာလတ်နှင့် တာဝေးပစ် ဒုံးကျည် များဖြင့် ပစ်ခတ်ရန် စဉ်းစားနေကြောင်း မြောက်ကိုရီယားနိုင်ငံပိုင် သတင်းဌာနက ဖော်ပြခဲ့ခြင်း ဖြစ်သည်။

အပြန်အလှန် ခြိမ်းခြောက်မှုသည် ယခင်ကထက် ပိုမိုပြင်းထန်လာခြင်း ဖြစ်သည်။ မြောက်ကိုရီးယားအပေါ် ကုလသမဂ္ဂက အရေးယူပိတ်ဆို့မှုသစ်များ ချမှတ်ခဲ့ပြီးနောက် ယင်းမှာ မိမိတို့၏ အချုပ်အခြာအာဏာကို ဆိုးဆိုးရွားရွား ထိပါးခံရခြင်း ဖြစ်သည်ဟု ပြုံယမ်းက တုံ့ပြန်ခဲ့ပြီး ယင်းအတွက် ဦးဆောင်စေ့ဆော်သူ အမေရိကန်အနေနှင့် တန်ဖိုးကြီးကြီး ပေးဆပ်ရလိမ့်မည်ဟု ခြိမ်းခြောက်ခဲ့သည်။

မြောက်ကိုရီးယားသည် ပြည်တွင်းဖြစ် တာလတ်မှ တာဝေးပစ် ဟွာဆောင်-၁၂ ဒုံးကျည်များ အသုံးပြုပြီး ဂူအမ်ကျွန်း ဧရိယာတစ်ဝိုက်ကို ပစ်ခတ်ရန်အတွက် စစ်ဆင်ရေးအစီအမံ တစ်ရပ်ကို သေချာဆန်းစစ်နေကြောင်းနိုင်ငံပိုင် KCNA သတင်းဌာနက သြဂုတ်လ ၉  ရက်နေ့တွင် ဖော်ပြသည်။

ဂူအမ်ကျွန်းတွင် အမေရိကန်က စစ်ရေးလေ့ကျင့်ခဲ့မှုအပေါ် တုံ့ပြန်သည့်အနေနှင့် မြောက်ကိုရီးယားစစ်ဘက်က ၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ကြေညာချက်တစ်စောင်ကို KCNA က ဖော်ပြခဲ့ခြင်း ဖြစ်သည်။

ဂူအမ်ကျွန်း အုပ်ချုပ်ရေးမှူး အက်ဒီ ဘဇာကယ်လ်ဗိုက အများပြည်သူထံသို့  ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ရာ လက်ရှိတွင် ဂူအမ်ကျွန်းနှင့် မာရီယန်နာစ် ကျွန်းစုအပေါ် ခြိမ်းခြောက်မှု တစ်စုံတစ်ရာ မရှိသေးကြောင်း၊ သို့သော်လည်း ဂူအမ်ကျွန်းသည် မည်သည့်အခြေအနေအတွက်မဆို အသင့်ပြင်ထားကြောင်း ပါရှိခဲ့သည်။

မြောက်ကိုရီးယားသည် နျူကလီးယားလက်နက် ငါးကြိမ်စမ်းသပ်ခဲ့သလို၊ ဇူလိုင်လအတွင်း တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် (ICBM) နှစ်ကြိမ်လွှတ်ခဲ့ပြီးနောက် အမေရိကန်ကုန်းမကြီးအထိ နျူကလီးယားထိပ်ဖူးတပ် ဒုံးကျည် ပစ်လွှတ်နိုင်ပြီဟု ကြွေးကြော်ထားသည်။

မြောက်ကိုရီးယားသည် ၎င်း၏ ဒုံးကျည်များတွင် တပ်ဆင်နိုင်ရန် နျူကလီးယားထိပ်ဖူးကို သေးငယ်အောင် ဖန်တီးနိုင်ပြီ ဖြစ်သည်ဟုလည်း အမေရိကန်မီဒီယ များတွင် သြဂုတ်လ ၈ ရက်နေ့က ဖော်ပြခဲ့ကြသည်။ အတည်မပြုနိုင်သော်လည်း အမှန်သာဖြစ်ပါက မြောက်ကိုရီးယားသည် နျူကလီးယားလက်နက်နိုင်ငံတစ်ခု တင်းပြည့် ဖြစ်လာသည့် သဘော ဖြစ်သည်။

ဝါရှင်တန်ပို့စ် သတင်းစာက အမေရိကန် ထောက်လှမ်းရေး အရာရှိများကို ကိုးကားဖော်ပြရာ၌ မြောက်ကိုရီးယားသည် အမေရိကန်ကို ထိမှန်နိုင်သော နျူထိပ်ဖူး တပ်လက်နက်များကို မျှော်လင့်ထားသည်ထက် လျင်မြန်စွာ ထုတ်လုပ်နေကြောင်း ပါရှိခဲ့သည်။

ဂျပန်အစိုးရ၏ ကာကွယ်ရေးဆိုင်ရာ စက္ကူဖြူစာတမ်းတွင်လည်း မြောက်ကိုရီးယား၏ လက်နက်စီမံကိန်းသည် အထူးအဆင့်မြင့်လာနေပြီး နျူကလီးယားလက်နက် ရှိနေနိုင်သည်ဟု သုံးသပ်ထားသည်။

သမ္မတထရမ့်က မြောက်ကိုရီးယားသည် ကမ္ဘာတွင် တစ်ခါမှ မမြင်ဖူးသော မီးဟုန်းဟုန်း တောက်သွားစေသည့် အဖြစ်မျိုးနှင့် ကြုံရမည်ဟု သတိပေးခဲ့သည်။

ဝါရင့်အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းကမူ ထရမ့်၏ ကြေညာချက်ကို သံသယ ရှိနေပြီး သမ္မတသည် တုံ့ပြန်ရန် အသင့်ဖြစ်နေ၊ မနေ မကျိန်းသေဘဲ မပြောသင့်ဟု ဝေဖန်ခဲ့သည်။

F-03

သေးပေမယ့် အရေးပါတဲ့ ဂူအမ်ကျွန်းကလေး

ပစိဖိတ်သမုဒ္ဒရာအတွင်း ဖိလစ်ပိုင်နှင့် ဟာဝိုင်အီကျွန်းအကြားတွင် တည်ရှိသော ၅၄၉ စတုရန်း ကီလိုမီတာ (၂၀၉ စတုရန်းမိုင်) သာရှိသည့် မီးတောင်နှင့် သန္တာကျောက်တန်းရှိရာ ကျွန်းကလေး ဖြစ်သည်။
တရားဝင် ပေါင်းစည်းထားခြင်း မရှိသော အမေရိကန် နယ်နိမိတ်တစ်ခုဖြစ်ပြီး လူဦးရေ ၁၆၃၀၀၀ ခန့် နေထိုင်သည်။
အမေရိကန်စစ်စခန်းက ကျွန်း၏လေးပုံတစ်ပုံခန့် လွှမ်းမိုးထားသည်။ စစ်သည် ၆၀၀၀ ခန့် တပ်စွဲထားပြီး ထောင်နှင့်ချီ ထပ်မံတပ်စွဲရန်လည်း စီစဉ်ထားသည်။
တောင်တရုတ်ပင်လယ်၊ ကိုရီးယားနှင့် ထိုင်ဝမ်ရေလက်ကြားကဲ့သို့သော ပြဿနာဖြစ်ရန် အလားအလာရှိသည့် စုံမှတ်များနှင့် နီးကပ်ရာ အမေရိကန်၏ စစ်ဆင်ရေးအတွက် အထူးအရေးပါသောနေရာ ဖြစ်သည်။