News

POST TYPE

NEWS

စော်ဘွားကြီးကုန်း ကားမှတ်တိုင်တွင် ဗုံးဖောက်ခွဲခဲ့သူကို အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် အမိန့်ချ
09-Aug-2017
ရန်ကုန်၊ ဩဂုတ် ၉

ရန်ကုန်၊ မန္တလေး မြို့ကြီးများတွင် ၂၀၁၄ ခုနစ်က ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုများအနက် စော်ဘွားကြီးကုန်း ကားမှတ်တိုင်တွင် ဗုံးဖောက်ခွဲခဲ့သော မိုးနိုင်(ခ) ဇာနည်ရှားကို မြောက်ပိုင်းခရိုင် တရားရုံးမှ အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ် အမိန့်ချမှတ်ခဲ့ကြောင်း ယင်းတရားရုံးထံမှ စုံစမ်း သိရှိရသည်။

“ပေါက်ကွဲ ဥပဒေပုဒ်မ(၃) နဲ့ သူ့ကို ထောင် ၁၀ နှစ် ကျခံစေဖို့ အမိန့်ချလိုက်တာပါ။ ဒီအမှုမှာ သူနဲ့အတူ ပါဝင်တဲ့ စောနိုနိုက လွတ်နေတယ်။ လွတ်နေသူကို အပြေး ရာဇဝတ်ကျင့်ထုံး ၈၇/၈၈ အရ ဝရမ်း ထုတ်ထားပြီးပြီ”ဟု မြောက်ပိုင်း ခရိုင်တရားရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လွန်ခဲ့သည့် သုံးနှစ်ကျော်က ဖြစ်ပွားခဲ့သည့် ယင်းပေါက်ကွဲမှုကို ယခုနှစ် ဩဂုတ်လ ၃ ရက်နေ့မှ အပြီးသတ် အမိန့်ချမှတ်နိုင်ခဲ့ပြီး အလုပ်နှင့် ထောင်ဒဏ် အမိန့်ချမှတ်ခံရသူ မိုးနိုင်(ခ) ဇာနည်ရှားမှာ တာမွေမြို့နယ် တရားရုံးတွင် စစ်ဆေးနေသည့် အကြမ်းဖက် ဖောက်ခွဲမှု ကျူးလွန်ရန် ကြံစည်သည့် မွတ်ဆလင် ရှစ်ဦးအမှုတွင် ပါဝင်နေသူ ဖြစ်သည်။

“သူတို့အမှုတွေက အများကြီးပဲ။ ပေါက်ကွဲမှု၊ မူးယစ်မှု၊ မတရားအသင်း ဥပဒေနဲ့ ၅(ည) အမှုတွေပါ အများကြီး တရားစွဲဆိုထားတာ။ အမိန့်ချပြီးတဲ့ အမှုတွေက ချပြီးကုန်ပြီ။ လတ်တလော တာမွေ တရားရုံးမှာ အမှုနှစ်မှုနဲ့ ဆက်စစ်နေတယ်လို့တော့ ကြားမိတယ်”ဟု မြောက်ပိုင်းခရိုင် တရားရုံးမှ အမည်မဖော်လိုသည့် တရားရေး ဝန်ထမ်းတစ်ဦးက ဆိုသည်။ 

အဆိုပါ မွတ်ဆလင် ရှစ်ဦးမှာ မိုးနိုင် (ခ)ဇာနည်ရှား၊ မောင်မောင်လွင်(ခ) ကျော်မင်းလွင်၊ လှမြင့်(ခ) ဂိုလာမင်၊ ကျော်လွင်(ခ) ကိုကိုကြီး၊ လှိုင်ဝင်း(ခ) မော်လဝီဆိုင်ဖူလာ၊ မင်းမင်း(ခ) ဆွာလေး၊ ဝင်းနိုင်ဦး (ခ) အီဆာနှင့် မောင်မောင်(ခ) ယူနွတ်တို့ဖြစ်ပြီး တာမွေမြို့နယ် တရားရုံးတွင် ရာဇဝတ်ကြီးမှုအမှတ် ၆၃၇/ ၂၀၁၄ အရေးပေါ် စီမံမှု အက်ဥပဒေပုဒ်မ ၅(ည)၊ ရာဇဝတ်ကြီးမှု အမှတ် ၂၁၅/ ၂၀၁၅၊ မတရားအသင်း အက်ဥပဒေ ပုဒ်မ ၁၇(၁) တို့ဖြင့် တရားစွဲဆို စစ်ဆေးနေကြောင်း ယင်းတရားရုံးထံမှ သိရသည်။

တရားစွဲဆိုခံရသူများမှာ ထိုင်း နိုင်ငံ မဲဆောက်မြို့၌ တရားမဝင် ဖွဲ့စည်းခဲ့သည့် အယ်လ်ယံကီး(ခံယူချက်)အဖွဲ့သို့ ဝင်ရောက်ပြီး မြန်မာနိုင်ငံအတွင်း အကြမ်းဖက် ဖောက်ခွဲဖျက်ဆီးမှုများ ပြုလုပ်ရန် ကြံစည်မှုဖြင့် တရားစွဲဆိုခံခဲ့ရခြင်း ဖြစ်သည်။

“ဒီအမှုက ၂၀၁၄ ခုနှစ်က ဖြစ်တာ။ တာမွေက နေအိမ်တစ်လုံးမှာ ဖောက်ခွဲရေး ပြုလုပ်ရာမှာ အသုံးပြုတဲ့ ပိုတက် ဆီယမ် နိုက်ထရိတ် အမှုန့်တွေ သိုလှောင်ထားတဲ့ အမှု။ အဲအချိန်တုန်းက ၅(ည) ပုဒ်မက အသက်ဝင်နေတာကြောင့် အခု သူတို့ ဒီပုဒ်မနဲ့ပါ ဆက်စစ်ဆေးခံနေရတာပါ”ဟု ရဲအရာရှိက ပြောသည်။ 

လက်ရှိ တာမွေမြို့နယ် တရားရုံးတွင် စစ်ဆေးနေသော ယင်းအမှုမှာ ဩဂုတ်လ ၈ ရက်နေ့က ရုံးထုတ်ခဲ့သော်လည်း တရားလိုပြသက်သေ မလာရောက်သောကြောင့် အမှုအား မစစ်ဆေးနိုင်ဘဲ လာမည့် ဩဂုတ်လ ၂၂ ရက်နေ့သို့ ရုံးချိန် ပြန်လည် ချိန်းဆိုခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ စုံစမ်း သိရှိရသည်။

S-03


  • VIA