News

POST TYPE

NEWS

ငွေစက္ကူအတု ထုတ်သည်ဟု သံသယရှိသော နယ်စပ်ဈေးကွက်များကို စုံစမ်းမည်
09-Aug-2017

ရန်ကုန်၊ ဩဂုတ် ၉

တန်ဖိုးမြင့် ငွေစက္ကူအတုများ ပျံ့နှံ့မှုကို ထိန်းချုပ်ရန် ထုတ်လုပ်ဖြန့်ချိသည်ဟု သံသယရှိသော နယ်စပ်ဈေးကွက်များကို စုံစမ်းထောက်လှမ်းရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ဗဟိုဘဏ်တို့ ပူးပေါင်း ဆောင်ရွက်နေပြီဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနထံမှ သိရသည်။

နယ်စပ်ဈေးကွက်ရှိသည်ဟု သံသယရှိသော တရုတ်ပြည် နယ်စပ်ဒေသများကို အဓိကထားကာ စုံစမ်း ထောက်လှမ်းမည်ဖြစ်ပြီး ထိုင်းနယ်စပ်နှင့် အိန္ဒိယနယ်စပ် တမူးဒေသများပါ ထည့်သွင်း ဆောင်ရွက်ရန် စီစဉ်ထားကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနထံမှ စုံစမ်းသိရှိရသည်။

ယခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လအတွင်း တန်ဖိုးမြင့် တစ်သောင်းကျပ်တန် အတုနှင့် ငါးထောင်ကျပ်တန် အတုများ သုံးစွဲနေသည့်အမှု ၂၅ မှုကို နယ်စပ်ဒေသနှင့် ပြည်တွင်းဒေသများတွင် ဖော်ထုတ် အရေးယူနိုင်ခဲ့သော်လည်း ပင်ရင်းထုတ်လုပ်ဖြန့်ချိသော ဈေးကွက်ကို ဖော်ထုတ်ရေးအတွက် အရှိန်မြင့် ဆောင်ရွက်ရန် ပြင်ဆင်ခြင်းဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ အကြီးတန်းအရာရှိ တစ်ဦးက ပြောကြားသည်။

“ငွေကြေး အတုအပတွေ ပျံနှံ့နေတာက နယ်စပ်ဒေသမှာ အဓိက ဖြစ်တည်နေတယ်။ ပြည်တွင်း ငွေစက္ကူတန်ဖိုးကို ယိုင်လဲအောင် လုပ်ချင်တဲ့ သဘောမျိုးလို့ ယူဆတယ်။ ငွေအတုသုံးလို့ အရေးယူထားတဲ့သူတွေဆီလည်း ကွင်းဆက် လိုက်နေပါတယ်”ဟု ၎င်းက ဆိုသည်။

ငွေကြေးဆိုင်ရာ အတုပြုလုပ်မှုသည် ငွေကြေးခဝါချမှု ဥပဒေဖြင့် ညှိစွန်းသည့် လုပ်ရပ်တစ်ခုဖြစ်သည်ဟု အစိုးရက သတ်မှတ်ထားသော်လည်း နယ်စပ်ဒေသနှင့် ပြည်တွင်းဒေသတွင် ယခုနှစ် ဇန်နဝါရီလမှ ဇွန်လလယ်အထိ ငွေကြေး အတုအပ ပြုလုပ်မှုဆက်စပ်သည့် အမှုပေါင်း ၁၅ မှုသာရှိခဲ့ပြီး ဇွန်လလယ်မှ ဩဂုတ်လ ပထမအပတ်အတွင်း ၁၀ မှုခန့် ဆက်လက် မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေး ရဲတပ်ဖွဲ့ထံမှ သိရသည်။

“ငွေကြေးပြဿနာတွေက မြန်မာနိုင်ငံမှာ ရှင်းရှင်းလင်းလင်း မရှိဘူး။ ငွေစက္ကူ ထုတ်လုပ်မှု များလာတော့ ငွေကြေး ဖောင်းပွနှုန်းလည်း မြင့်လာတယ်။ နောက်ဆက်တွဲ  ငွေစက္ကူ အတုပြုလုပ်တဲ့ ဈေးကွက်က ပျံနှံ့ပြီးတော့ နေရာယူလာတယ်။ အစိုးရအနေနဲ့ ထိထိရောက်ရောက် ဆောင်ရွက်သင့်ပါပြီ”ဟု တရားလွှတ်တော်ရှေ့နေ တစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ငွေစက္ကူအတုများ ကိုင်တွယ် သုံးစွဲသူကို တွေ့ရှိခဲ့လျှင် ၎င်း၏ ကိုယ်ရေးမှတ်တမ်းများကို သက်ဆိုင်ရာ ရဲစခန်းသို့ အသိပေးရန် ညွှန်ကြားထားကြောင်း ဗဟိုဘဏ်ထံမှ သိရသည်။

လက်ရှိအစိုးရသက်တမ်း တစ်နှစ်ကျော်အတွင်း ငွေကြေးခဝါချမှု ဥပဒေနှင့် ဆက်နွယ်သည့် အမှုပေါင်း ၉၃ မှုကို နိုင်ငံတော် သမ္မတရုံး၊ နိုင်ငံတော် အတိုင်ပင်ခံရုံး နှင့် ပြည်ထဲရေး ဝန်ကြီးဌာနတို့က ဖွဲ့စည်းထားသည့် စိစစ်ရေး အဖွဲ့က ဦးဆောင် စစ်ဆေးလျက်ရှိသည်။

J-17



  • VIA