News

POST TYPE

NEWS

တူရကီ မင်္ဂလာဆောင် အသေခံဗုံးခွဲသူမှာ အသက် ၁၂ မှ ၁၄ နှစ်ကြား ကလေးငယ်တစ်ဦး ဖြစ်ကြောင်း သမ္မတ အာဒိုဂန်ပြောကြား
23-Aug-2016
အန်ကာရာ၊ သြဂုတ် ၂၂ 

တူရကီနိုင်ငံ ဂါဇီယန်တက်ပ်မြို့တွင် လူ ၅၁ ဦး သေဆုံးစေခဲ့သည့် အသေခံဗုံးခွဲမှုကို ကျူးလွန်သူမှာ အသက် ၁၂ နှစ်မှ ၁၄ နှစ်ကြား ကလေးငယ်တစ်ဦး ဖြစ်သည်ဟု သမ္မတ ရီဆက်တာယစ်အာဒိုဂန်က ပြောကြားခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြသည်။ 

ကာ့ဒ်လူမျိုးတို့၏ မင်္ဂလာဆောင်ကို ပစ်မှတ်ထားသော တိုက်ခိုက်မှု နောက်ကွယ်တွင် IS အဖွဲ့ ရှိနေသည်ဟုလည်း အာဒိုဂန်က ပြောကြားခဲ့သည်။ ဆီးရီးယားနယ်စပ် အနီးရှိ ဂါဇီယန်တက်ပ်တွင် IS ကလာပ်စည်း အဖွဲ့ငယ် အများအပြား ရှိနေသည်။ 

ဒဏ်ရာရသူ ၆၉ ဦး ရှိပြီး ယင်းတို့အနက်မှ ၁၇ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း အာဒိုဂန်က ဆိုသည်။ မင်္ဂလာဆောင်လာ ဧည့်ပရိသတ်များ လမ်းမပေါ်တွင် ကခုန်နေကြစဉ် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ 

ဆီးရီးယားနိုင်ငံတွင် IS နှင့် ကာ့ဒ်တပ်ဖွဲ့များ တိုက်ပွဲပြင်းထန်နေချိန်၌ နယ်စပ်ရှိ လူဦးရေ ၁ ဒသမ ၅ သန်းရှိသော ဂါဇီယန်တက်ပ်မြို့မှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေသည်။ ပြီးခဲ့သည့် မေလက မြို့ရှိ ရဲတပ်ဖွဲ့ဝင်နှစ်ဦးကို IS က သတ်ဖြတ်ခဲ့မှုနှင့် ယခုအသေခံဗုံးခွဲမှု အဆက်အစပ် ရှိနေသည်ဟု ယူဆရသည်။ 

ဒေသမီဒီယာများတွင် ဖော်ပြသော အာဒိုဂန်၏ ထုတ်ပြန်ချက်တွင်မူ IS၊ ကာ့ဒ်စစ်သွေးကြွအဖွဲ့ PKK နှင့် အာဏာသိမ်းရန် ကြိုးပမ်းသည်ဟု စွပ်စွဲခံရသူ အမေရိကန် အခြေစိုက် ဘာသာရေးခေါင်းဆောင် ဖက်သူလာဂူလမ်ကို ထောက်ခံသူများအကြား ကွာခြားချက်မရှိဟု ဖော်ပြထားသည်။ 

ဗုံးပေါက်ကွဲသည့် နေရာမှာ ကျောင်းသား၊ ကျောင်းသူများ စည်ကားသည့်နေရာ ဖြစ်သလို ကာ့ဒ်လူမျိုး အများအပြား နေထိုင်ရာလည်းဖြစ်သည်။ ကာ့ဒ်အရေး လိုလားသည့် ပြည်သူ့ဒီမိုကရက်တစ်ပါတီ (HDP) မှ အဆိုပါ မဲဆန္ဒနယ်၏ လွှတ်တော်အမတ် မာမွတ်တိုဂရူလ်က ပါတီဝင် ကာ့ဒ်လူမျိုးတစ်ဦး၏ မင်္ဂလာဆောင်ဖြစ်သည်ဟု ပြောကြားခဲ့သည်။ 

တူရကီဒိုဂန် သတင်းဌာန၏ ဖော်ပြချက်အရ မင်္ဂလာဆောင်သည့် စုံတွဲသည် ကာ့ဒ်သူပုန်များနှင့် အစိုးရတပ်များအကြား တိုက်ပွဲပြင်းထန်နေသည့် အရှေ့ဖျား ဆီရစ်မြို့မှ ဂါဇီယန်တက်ပ်သို့ တိမ်းရှောင်လာသူများ ဖြစ်သည်ဟု ဆိုသည်။ 

သတင်းများအရ အဆိုပါစုံတွဲမှာ ဗုံးပေါက်ကွဲမှုတွင် အသက်ဘေးမှ လွတ်ခဲ့သော်လည်း ဆေးရုံတင်ခဲ့ရသည်ဟု သိရသည်။ “ပွဲက ပြီးတော့မှာ။ လူတွေက နေကြတုန်း ပေါက်ကွဲသံကြီးကို ကြားလိုက်ရတယ်။ သွေးတွေ၊ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ နေရာအနှံ့ ပြန့်ကြဲကုန်ပါတယ်” ဟု မျက်မြင်ကြုံခဲ့ရသူ ဗယ်လီချန်က ပြောကြားသည်။ 

အမေရိကန်ပြည်ထောင်စုကလည်း တိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး ‘အရိုင်းအစိုင်း အပြုအမူ’ ဟု ခေါ်ဝေါ်ခဲ့သည်။ ယခုတိုက်ခိုက်မှုသည် IS လက်ချက် ဆိုပါက ဆီးရီးယားတွင် မကြာသေးမီက နယ်နိမိတ် ဆုံးရှုံးမှုများအတွက် လက်တုံ့ပြန်မှုဟု ယူဆရသည်။