News

POST TYPE

NEWS

အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး ရုရှားနှင့် ပူးပေါင်းနိုင်ဟ ယီမင်သမ္မတဟောင်း ပြောကြား
23-Aug-2016
ဆာနာ၊ သြဂုတ် ၂၁ 

ယီမင်နိုင်ငံတွင်းရှိ စစ်အခြေစိုက်စခန်းများကို အသုံးပြုခွင့်ပေးခြင်းဖြင့် အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးတွင် ရုရှားနှင့် ပူးပေါင်းသွားနိုင်သည်ဟု ယီမင်သမ္မတဟောင်း အလီအဘတ်ဘူလာ ဆာလတ်က ပြောကြားသွားကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။ 

နိုင်ငံအတွင်းရှိ လေကြောင်းနှင့် ရေကြောင်း စစ်အခြေစိုက် စခန်းများကို ရုရှားအား အသုံးပြုခွင့်ပေးရန် ယီမင်အစိုးရအဖွဲ့က အသင့်ရှိနေသည်ဟု ၂၀၁၁ ခုနှစ် လူထုဆန္ဒပြပွဲများအတွင်း ရာထူးမှ ဖယ်ရှားခံလိုက်ရသည့် ယီမင်သမ္မတဟောင်းက ရုရှားနိုင်ငံပိုင် Russia 24 သတင်းချန်နယ်ကို ပြောကြားလိုက်သည်။ 

ယင်းကဲ့သို့သော ကမ်းလှမ်းမှုကို လက်တွေ့အကောင်အထည်ဖော်ရေးမှာ သမ္မတဟောင်းတွင် အာဏာမဲ့နေသော်လည်း ၎င်းဦးဆောင်သည့်ပါတီမှ အရာရှိများသည် ယီမင်နိုင်ငံတွင်းရှိ နယ်မြေအများစုကို ထိန်းချုပ်ထားသည့် နိုင်ငံရေးကောင်စီ တစ်ခုကို ဦးဆောင်နေသူများ ဖြစ်ကြသည်။ 

ပြီးခဲ့သည့် ရက်သတ္တတစ်ပတ် အတွင်းကလည်း အီရန်နယ်မြေတွင်းမှ နေ၍ ရုရှားစစ်လေယာဉ်များ ပျံသန်းပြီး ဆီးရီးယားနိုင်ငံ အတွင်းရှိ စစ်သွေးကြွများကို တိုက်ခိုက်နိုင်ရေး အီရန်က ပထမဆုံးအကြိမ် ခွင့်ပြုပေးလိုက်သည်။ ဆော်ဒီ ဦးဆောင်ညွန့်ပေါင်းတပ်ဖွဲ့ဝင်များနှင့် အီရန်၏ အထောက်အပံ့ ရရှိထားသည့် ဟော်တီသူပုန်များ ယီမင်နိုင်ငံတွင် ၁၆ လကြာ ပြည်တွင်းစစ် ဖြစ်ပွားလျက်ရှိပြီး ရုရှားနိုင်ငံ တစ်ခုတည်းသာ ယီမင်နှင့် သံတမန် ဆက်ဆံရေး ဆက်လက်ထားရှိသည့် အဓိကနိုင်ငံ တစ်နိုင်ငံ ဖြစ်နေသည်။ 

ထို့ပြင် ဟော်တီသူပုန်များကို လက်နက်ရောင်းချမှု ပိတ်ဆို့ရေး ကုလသမဂ္ဂ ဆုံးဖြတ်ရာတွင်လည်း ရုရှားက ပါဝင်ခြင်း မရှိခဲ့ပေ။ ရုရှားနှင့် ယီမင်အကြား ဆက်ဆံရေးသည် ဆယ်စုနှစ်နှင့်ချီ ကြာမြင့်နေပြီဖြစ်ပြီး ဆိုဗီယက်ပြည်ထောင်စု မပြိုကွဲခင် အချိန်ကတည်းက စတင်ခဲ့ခြင်းဖြစ်ကာ ထောင်နှင့်ချီသည့် ဆိုဗီယက် စစ်အကြံပေးများနှင့် လေ့ကျင့်သင်ကြားပေးသူများသည် လွတ်လပ်သည့် တောင်ယီမင်ဒေသတွင် ကူညီလုပ်ကိုင်ပေးခဲ့ကြသည်။ လက်ရှိဖြစ်ပွားနေသည့် ယီမင်ပြည်တွင်းစစ်ကြောင့် အယ်လ်ကေဒါများ အပါအဝင် အစ္စလာမ္မစ်စစ် သွေးကြွများမှာ ယီမင်နိုင်ငံအတွင်း ခြေကုပ်ရရှိလာလျက် ရှိသည်။