News

POST TYPE

NEWS

မလေးရှား အဆိုတော် နိမ်မီဝီး အစ္စလာမ်ဘာသာကို စော်ကားမှုဖြင့် ထိန်းသိမ်းခံရ
23-Aug-2016

ကွာလာလမ်ပူ၊ ဩဂုတ် ၂၂

အငြင်းပွားဖွယ်ရာများဖြင့် ထင်ရှားကျော်ကြားသူ မလေးရှား အဆိုတော် နိမ်မီဝီး၏ မကြာသေးမီက ဂီတဗီဒီယိုမှာ အစ္စလာမ်ဘာသာကို စော်ကားရာ ရောက်သည်ဟု ကန့်ကွက်မှုများ ရှိခဲ့ပြီးနောက် ရဲတပ်ဖွဲ့က အဆိုတော်ကို ဖမ်းဆီးခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြသည်။

နိမ်မီဝီးဆိုသော အနုပညာနာမည်ဖြင့် ထင်ရှားသူ ဝီမန်ချီကို ဩဂုတ်လ ၂၁ ရက်နေ့က ထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။

သူသည် ဘာသာရေးကို မထီလေးစားပြုသည့် သီဆိုဟန်များဖြင့် ထင်ရှားသူဖြစ်သည်။

‘Oh My God’ အမည်ရ သူ့သီချင်း၏ ဂီတဗီဒီယိုကို ဇူလိုင်လအတွင်းက စတင်ထုတ်လွှင့်ခဲ့ပြီး မလေးရှားရှိ ဘာသာရေး ဝတ်ပြုရာ နေရာများ၏ရှေ့တွင် ရက်ပ်သီဆိုနေဟန်များ ပါရှိခဲ့သည်။ အဆိုပါ သီချင်းသည် ဘာသာရေး သဟဇာတဖြစ်ရေး နှိုးဆော်ရန် ရည်ရွယ်သည်ဟု နိမ်မီဝီးက ပြောကြားခဲ့သည်။

သို့သော်လည်း ဩဂုတ်လ ၂၂ ရက်နေ့တွင် မလေးရဲတပ်ဖွဲ့က အသက် ၃၃ နှစ်အရွယ် အဆိုတော်သည် ‘ဘာသာတရားကို စော်ကားရန် ရည်ရွယ်ချက်ဖြင့် ဝတ်ပြုရာနေရာကို ညစ်ညမ်းစေမှု’ အတွက် စုံစမ်းစစ်ဆေးရန် ချုပ်ရက်ရမန် ငါးရက် ယူခဲ့သည်။

စွဲချက်အရ အပြစ်ရှိပါက ထောင်ဒဏ်နှစ်နှစ်အထိ ချမှတ်ခံရနိုင်သည်။

မလေးရှား လူဦးရေ၏ သုံးပုံနှစ်ပုံမှာ မွတ်ဆလင်များ ဖြစ်သော်လည်း နိုင်ငံအတွင်းတွင် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်နှင့် ဟိန္ဒူ လူဦးရေလည်း အများအပြား ရှိနေသည်။

သို့သော်လည်း မကြာသေးမီနှစ်များ အတွင်း အစ္စလာမ် ဘာသာရေးနှင့် ပတ်သက်ပြီး ဘလော့ဂ်များတွင် ရေးသားမှုများ၊ အဓိပ္ပာယ် ဖွင့်ဆိုမှုများကြောင့် အငြင်းပွားဖွယ်ရာများ ပေါ်ပေါက်ခဲ့သည်။

နိမ်မီဝီးသည် သူ့သီချင်းထဲတွင် ဘာသာရေး ရည်ညွှန်းဝေါဟာရ အများအပြား သုံးစွဲခဲ့ပြီး ‘အလ္လာ’၊ ‘ဟာလေလူယာ’ စသော အသုံးအနှုန်းများ ပါရှိခဲ့သည်။ နိမ်မီဝီးနှင့် အခြားသုံးဦးသည် ဗုဒ္ဓဘာသာနှင့် တာအိုဘုရားကျောင်းများရှေ့၊ ချာ့ခ်ျကျောင်းအတွင်းနှင့် ဗလီအပြင်ဘက်တွင် ကခုန်သီဆိုမှုများ ပြုလုပ်ခဲ့သည်။

ဩဂုတ်လ ၂၀ ရက်နေ့တွင် ယူကျုဘ်ဗီဒီယိုဝက်ဘ်ဆိုက်ပေါ် တင်ခဲ့သည့် ဂီတဗီဒီယို နောက်ဆုံးဗားရှင်းတွင်မူ ဗလီရှေ့မှ ကခုန်မှုများကို ဖြုတ်ထားခဲ့သည်။

ပြည်တွင်း NGO အဖွဲ့ ၂၀ မှ ကိုယ်စားလှယ်များက အဆိုတော်၏ အပြုအမူနှင့် ပတ်သက်ပြီး တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

နိမ်မီဝီး၏ လုပ်ရပ်များသည် မလေးရှားရှိ မွတ်ဆလင်များကို အမျက်ထွက်စေသည်ဟု ပြည်တွင်း NGO အဖွဲ့များ၏ ကိုယ်စားလှယ် အက်ဇ်ဒီမော်အာရှက်က ပြောကြားသည်။

ပြည်ပမှ ပြန်လာသော နိမ်မီဝီးကို ဩဂုတ်လ ၂၁ ရက်နေ့က ကွာလာလမ်ပူလေဆိပ်တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ဩဂုတ်လ ၂၂ ရက်နေ့တွင်မူ သူ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ‘Oh My God’ ဗီဒီယိုဖိုင်သည် ဘာသာရေး သဟဇာတဖြစ်ရေး လှုံ့ဆော်လိုခြင်းသာ ဖြစ်သည်ဟု တရုတ်ဘာသာဖြင့် ရေးသားထားသည်။

ပြည်ပတွင်နေခြင်းဖြင့် အဖမ်းခံရမည့် အခြေအနေကို တိမ်းရှောင်နိုင်ပါလျက် အဘယ့်ကြောင့် ပြန်လာခဲ့ရသနည်းဟု ပရိသတ်များ၏ မေးမြန်းမှုကိုလည်း သူအမှားလုပ်မထားသောကြောင့် ထွက်ပြေးရန် မလိုကြောင်း ဖေ့စ်ဘွတ်ခ်မှတစ်ဆင့် ဖြေရှင်းခဲ့သည်။

“ကျွန်တော် ဘာတစ်ခုမှ အမှားမလုပ်ခဲ့တာ။ ဘာလို့ ထွက်ပြေးပုန်းအောင်းနေရမှာလဲ။ ဒါ (မလေးရှား) က ကျွန်တော့်အိမ်၊ ကျွန်တော့်မြေပါ’’ ဟု နိမ်မီဝီးက ရေးသားခဲ့သည်။