News

POST TYPE

NEWS

ပို့ကုန်စီမံကိန်းအရ ဆန်၊ ပဲ၊ ရေလုပ်ငန်းနှင့် သစ်တောအခြေခံထွက်ကုန်များ အဓိကထားတင်ပို့မည်
23-Aug-2016
ရန်ကုန်၊ သြဂုတ် ၂၂

အမျိုးသားပို့ကုန် မဟာဗျူဟာ ငါးနှစ်စီမံကိန်းအရ ပြည်ပနိုင်ငံများသို့ ဆန်စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ ရေလုပ်ငန်းနှင့် သစ်တောအခြေခံသည့်ပစ္စည်းများကို အဓိကထား တင်ပို့မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ထံမှ သိရသည်။ 

ယင်းစီမံကိန်းကို ၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ဆောင်ရွက်မည်ဖြစ်ကာ ပြည်တွင်းထွက် ပစ္စည်းများ တိုးချဲ့တင်ပို့နိုင်ရန် ရည်ရွယ် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ဆန်စပါး၊ ဆီထွက်သီးနှံ၊ ပဲမျိုးစုံ၊ နှမ်း၊ ရေထွက်ကုန်များ၊ သစ်တောထွက်ကုန်များ၊ အထည်ချုပ် ပစ္စည်းနှင့် ရော်ဘာ၊ ဟင်းသီး ဟင်းရွက်၊ သစ်သီးဝလံနှင့် အခြားစား သောက်ကုန်များ စသည့်ကဏ္ဍ ၁၁ မျိုးကို ဦးစားပေး တင်ပို့မည်ဖြစ်ကြောင်း ယင်း အဖွဲ့ထံမှ သိရသည်။ 

"ငါးနှစ်အတွင်း ဘာတွေလုပ်မယ်ဆိုတာ တစ်ခါတည်း အကောင်အထည် ဖော်ပြီးသားပါ" ဟု မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးက ပြောကြားသည်။ 

ရေလုပ်ငန်းကဏ္ဍ ပို့ကုန်တိုးမြှင့်ရန် အတွက်လည်း လုပ်ငန်းစီမံချက် (Master Plan) ရေးဆွဲ အကောင်အထည်ဖော်နေပြီး အထည်ချုပ်၊ ကျောက်မျက်၊ အဝတ် အထည်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍတို့သည် အဓိက ဝင်ငွေရှာဖွေပေးမည့် ကဏ္ဍများဖြစ်ကာ အခြေခံ အဆောက်အဦများ ပေါ်ပေါက်လာရန်လည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သတင်းအချက်အလက် ရရှိနိုင်မှု၊ ကုန်သွယ်မှု လွယ်ကူချောမွေ့စေ ရေးနှင့် ကုန်ပစ္စည်း သိုလှောင်ခြင်းများ အဆင့်မြင့်လာစေရန် အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ထံမှ သိရသည်။


  • VIA