News

POST TYPE

NEWS

ပဲခူးအနောက်ခြမ်းရှိ စာသင်ကျောင်း ၆၀ ကျော် ပြန်မဖွင့်နိုင်သေး
23-Aug-2016
တောင်ငူ၊ သြဂုတ်၂၃

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်နှင့် သာယာဝတီခရိုင်တို့ရှိ မြို့နယ်အချို့တွင် ရေပြန်လည် ကျဆင်းခဲ့သည်မှာ တစ်ပတ်ခန့်ရှိနေပြီဖြစ်သော်လည်း အခြေခံပညာကျောင်း ၆၀ ကျော်မှာ ပြန်လည်ဖွင့်လှစ်နိုင်ခြင်း မရှိသေးကြောင်း ပဲခူးတိုင်းဒေသကြီး ပညာရေးမှူးရုံးထံမှ စုံစမ်းသိရှိရသည်။

"သြဂုတ် ၁၅ ရက်မှာ ပြည်နဲ့ မိုးညိုဘက်က ကျောင်း ၁၀၀ ကျော်ကို စတင်ဖွင့်လှစ်ခဲ့ပြီး ဆက်တိုက်ပြန်ဖွင့်နိုင်ခဲ့တဲ့ ကျောင်းပေါင်း ၃၂၇ ကျောင်းရှိခဲ့ပေမယ့် ၆၂ ကျောင်းကိုတော့ ပြန်လည်ဖွင့်လှစ်ပေးနိုင်ခြင်း မရှိသေးပါဘူး။ ရေက ကျသွားပြီဆိုပေမယ့် ပြင်ဆင်စရာရှိတဲ့ ကျောင်းတွေက ပြင်ဆင်နေတုန်းဖြစ်ပါတယ်။ ပဲခူးအရှေ့ခြမ်းက ပိတ်ထားတဲ့ ၃၅ ကျောင်းလည်း ပြန်ဖွင့်နေပါပြီ"ဟု တိုင်းပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရေကြီးရေလျှံမှုများကြောင့် သာယာဝတီခရိုင်နှင့် ပြည်ခရိုင်တို့ရှိ အခြခံပညာကျောင်း ၃၈၉ ကျောင်းကို ၁၀ ရက်ကျော်ကြာ ယာယီပိတ်ထားခဲ့ရကြောင်း၊ ယခုအခါပြန်လည်ဖွင့်လှစ်ပေးရန် ကျန်ရှိနေသည့် ကျောင်း ၆၂ ကျောင်းမှာ သာယာဝတီ၊ လက်ပံတန်း၊ ဇီးကုန်း၊ ကြို့ပင်ကောက်နှင့် ရွှေတောင်မြို့နယ်တို့အတွင်းမှ ကျောင်းများဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး ပညာရေးမှူးရုံးထံမှ စုံစမ်းသိရှိရသည်။

ဓာတ်ပုံ - ဝဏ္ဏဝင်း         


  • VIA