News

POST TYPE

NEWS

မန္တလေး ရက်တစ်ရာစီမံချက်အတွင်း ဖမ်းမိသည့် မူးယစ်ဆေးပမာဏ ယခင်နှစ်တစ်နှစ်လုံး၏ ၃၄ ရာခိုင်နှုန်းရှိ
23-Aug-2016
မန္တလေး၊ သြဂုတ် ၂၂

မူးယစ်ဆေးဝါးများ အလွယ်တကူ ရရှိနေသည့် မန္တလေးတိုင်းဒေသကြီးအတွင်း အစိုးရသစ်၏ ရက်တစ်ရာကာလက ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါး ပမာဏသည် ၂၀၁၅ ခုနှစ် တစ်နှစ်လုံး  ဖမ်းမိခဲ့သော ပမာဏ၏ ၃၄ ရာခိုင်နှုန်းအထိ ရှိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး အမှတ် ၁ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး တပ်ဖွဲ့ခွဲ၏ စာရင်းများအရ သိရသည်။

မန္တလေးတိုင်းဒေသကြီး အမှတ် ၁ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး တပ်ဖွဲ့ခွဲအောက်တွင် မန္တလေး၊ စစ်ကိုင်း၊ ကချင်နှင့် ချင်းပြည်နယ်တို့ ပါဝင်နေပြီး ၂၀၁၅ ခုနှစ် တစ်နှစ်တာ ကာလအတွင်းက ကျပ်သန်း ၅၅၀၀ ခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကာ ရက်တစ်ရာ စီမံချက် ကာလအတွင်း၌ ကျပ်သန်း ၁၈၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း အဆိုပါ စာရင်းတွင် ဖော်ပြထားသည်။

ယင်းသို့ မူးယစ်ဆေးဝါးများ ယခင်ထက် ပိုမို ဖမ်းဆီးနိုင်ခြင်းမှာ ရက်တစ်ရာ စီမံချက်ကာလအတွင်း မှုခင်းဆိုင်ရာ အသိပညာပေး လုပ်ငန်းများ လုပ်ဆောင်နိုင်ခဲ့ခြင်း၊ ပြည်သူများ၏ အကူအညီ ပိုမိုရရှိခဲ့ခြင်းနှင့် ရဲတပ်ဖွဲ့အပေါ် ပြည်သူများ၏ ယုံကြည်မှု ပိုမိုရရှိခဲ့ခြင်းတို့ကြောင့် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဟန်ထွန်းက ပြောကြားသည်။

"မူးယစ်ဆေးဝါးတွေ ပိုများလာတာလည်း ပါမှာပေါ့လေ။ ကျွန်တော့် အထင်တော့ မူးယစ်ဆေးဝါးတွေက အရင်ကတည်းက ရှိနေခဲ့တာ ဖြစ်လိမ့် မယ်၊ ရှိနေခဲ့တာတွေကို မဖမ်းမိလို့၊ တည့်တည့်ပြောရရင် မဖမ်းလို့ ဒီလောက် များများ မမိခဲ့တာပေါ့လေ။ အရင်ကတည်းကသာ ဖမ်းခဲ့ ဆီးခဲ့မယ်ဆိုရင် ဒီလောက်များ လာစရာမရှိဘူး၊ အစိုးရသစ် တက်လာတဲ့ အချိန်မှာ ပြောင်းလဲမှုတွေလုပ်တော့ ရဲတပ်ဖွဲ့အနေနဲ့ တကယ်ဖမ်းတယ်ဆိုတာ ပြလိုက်တာလို့ ကျွန်တော်ထင်တယ်" ဟု မန္တလေးအခြေစိုက် လူမှုရေးအဖွဲ့အစည်း တစ်ခုမှ အမျိုးသားတစ်ဦးက ပြောကြားသည်။

အစိုးရသစ် တက်လာပြီးနောက်ပိုင်း မြန်မာနိုင်ငံ အနှံ့အပြားတွင် ပမာဏ များပြားသည့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခြင်း၊ မူးယစ်ရာဇာများကို ဖမ်းဆီးနိုင်ခြင်းများ ရှိခဲ့သောကြောင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေး လုပ်ငန်းများကို ရဲတပ်ဖွဲ့ဝင်များက ဖိဖိစီးစီး လုပ်ဆောင်လာသည်ကို တွေ့ရကြောင်း မန္တလေးမြို့ခံများက ပြောသည်။ 


  • VIA