News

POST TYPE

NEWS

သင်္ဃန်းကျွန်းမြို့နယ် စံပြဈေးရှေ့ ဓားကိုင်ဆောင်ပြီး မိုက်ကြေးခွဲသူ ရဲဘက်ပြေးကို သေနတ်ဖြင့် ပစ်ဖမ်း
23-Aug-2016
သင်္ဃန်းကျွန်းမြို့နယ် စံပြဈေးရှေ့တွင် သြဂုတ်လ ၂၃ ရက် ယနေ့ နံနက် ၄ နာရီခွဲက ငှက်ကြီးတောင် ဓားကိုင်ဆောင်၍ ပြန်လည်ခုခံသော ရဲဘက်ပြေး အမျိုးသား တစ်ဦးကို ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဖမ်းမိသူမှာ ခြေချုပ်ဖောက်ဖျက်မှုဖြင့် မင်းကုန်းရဲဘက်စခန်းတွင် ထောင်ဒဏ် ၂ နှစ် ကျခံနေရသော အသက် ၂၂ နှစ် အရွယ် မိုးဒီ(ခ)မျိုးမင်းအောင် ဖြစ်ပြီး ယခုနှစ် ဇွန်လက ရဲဘက်စခန်းမှ ထွက်ပြေးလာသူဖြစ်ကြောင်း သင်္ဃန်းကျွန်းမြို့မ ရဲစခန်းမှ ရဲအရာရှိက ပြောကြားသည်။

"ရဲဘက်ပြေးက ရပ်ကွက်ထဲမှာ ဓားကိုင်ပြီး မိုက်ကြေးခွဲ ဆက်ကြေး တောင်းယူနေကြောင်း ပြည်သူတစ်ဦးက ၁၉၉ ဖုန်းထံ သတင်းပေးလို့ ဖမ်းမိခဲ့တာပါ ။ အသာတကြည် အဖမ်းမခံဘဲ ဓားကိုင်ရန်ပြုနေလို့ သေနတ်နဲ့ ပစ်ဖမ်းခဲ့တာ။ သူ့တင်ပါးမှာ ကျည်မှန်ဒဏ်ရာ ရသွားတယ်"ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ရဲဘက်ပြေး အမျိုးသားမှာ သင်္ဃန်းကျွန်းမြို့နယ် စံပြရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး မူးယစ်ရမ်းကားမှု ဒုစရိုက်မှု ကျူးလွန်သူများနှင့် ပေါင်းသင်း သွားလာခြင်းတို့ကြောင့် ခြေချုပ်ဖောက်ဖျက်မှုဖြင့် ၂၀၁၃ ခုနှစ်က ထောင် ၆ လ ၂၀၁၄ ခုနှစ်က ထောင် ၁ နှစ် ကျခဲ့ပြီး ၂၀၁၅ ခုနှစ်က ခြေချုပ်ဖောက်ဖျက်မှုဖြင့် ထောင် ၂ နှစ် ထပ်မံကျခဲ့ရာမှ ရဲဘက်စခန်းက ထွက်ပြေးလွတ်မြောက်ခဲ့သူ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ဓာတ်ပုံ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့


  • VIA