News

POST TYPE

NEWS

လမ်းမဘေး ယာဉ်ရပ်နားရန် နေရာတွင် ဈေးရောင်းချပါကတရားစွဲမည်
23-Aug-2016
ရန်ကုန်၊ သြဂုတ် ၂၂

ရန်ကုန်မြို့တော်ရှိ လမ်းမကြီးဘေး  ယာဉ်ရပ်နားရန် နေရာများတွင် ဈေးရာင်းချခြင်းကို တွေ့ရှိပါက တရားစွဲဆိုမည်ဖြစ်ကြောင်း အရေးယူမည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါ အရေးယူမှုနှင့် ပတ်သက်၍ သြဂုတ်လ ၁၅ ရက်နေ့တွင် စတင် အသိပေးထားကြောင်း၊ မော်တော်ယာဉ် ရပ်နားရန် နေရာများတွင် ဈေးရောင်းချမှုများကြောင့် ယာဉ်ရပ်နားရန် နေရာရှားပါးပြီး ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်စေခြင်းကြောင့် တရားစွဲဆိုရခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“ပျံကျဈေးသည်တိုင်းကို လိုက်ရှင်းလင်းနေတာ မဟုတ်ဘူး၊ စည်းကမ်းမဲ့ ရောင်းတဲ့သူတွေကိုပဲ အရေးယူတာပါ၊ နေရာတော်တော်များများမှာ ပျံကျဈေးသည်တွေကြောင့် မလိုအပ်ဘဲ ကားလမ်းပိတ်တာမျိုးတွေ ဖြစ်နေတယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိအချိန်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ပျံကျဈေးသည်များကို နီးစပ်ရာ ဈေးများတွင် ရောင်းချခွင့် ပြုထားပြီး ယခုဘဏ္ဍာနှစ်တွင် ပျံကျဈေးသည် ၂၀၀၀ ကျော်ကို နီးစပ်ရာဈေးတွင် ထပ်မံနေရာပေးရန် စီစဉ်နေကြောင်း ဈေးများဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

၂၀၁၆ ခုနှစ်အတွင်း ဇန်နဝါရီလမှ သြဂုတ်လ ၂၂ ရက် အထိ စည်းကမ်းမဲ့ ဈေးရောင်းချသည့် ပျံကျဈေးသည် ၁၂၀၀ ကျော်ကို တရားစွဲဆိုထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ စီမံရေးရာ ဌာနထံမှ သိရှိရသည်။