News

POST TYPE

NEWS

ဥက္ကံတွင် ခွင့်ပြုချက်မဲ့ ဗလီနှင့် အာရဗီ စာသင်ကျောင်း ပိတ်သိမ်း
ဥက္ကံ၊ သြဂုတ်၂ 

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ဥက္ကံမြို့ ပနီပင်ကျေးရွာအုပ်စု ကျွဲပုံးလေးကျေးရွာတွင် ခွင့်ပြုချက်မရှိဘဲ တည်ဆောက်ထားသော ဗလီနှင့် အာရဗီ စာသင်ကျောင်းတို့ကို သြဂုတ်လ ၂ ရက်က ပိတ်သိမ်းခဲ့ကြောင်း ဥက္ကံမြို့ အထွေထွေ အုပ်ချုပ်ရေးမှူး ဦးမျိုးလွင်ဦးက ပြောကြားသည်။ 

ခွင့်ပြုချက် မရှိဘဲ ဘာသာရေး အဆောက်အအုံနှင့် ဘာသာရေး စာသင်ကျောင်း တည်ဆောက်ထားသည်ဟု ကြားသိရသဖြင့် တိုက်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူးက သွားရောက်စစ်ဆေးရန် ညွှန်ကြားခဲ့ကြောင်း၊ ယင်းနောက် ဥက္ကံမြို့ အုပ်ချုပ်ရေးအဖွဲ့၊ ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့၊ မြို့စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များတို့က ယင်းအဆောက်အအုံကို စစ်ဆေးခဲ့ကြောင်း ၎င်းက ရှင်းပြသည်။ 

အဆိုပါ အဆောင်အအုံများကို  ၂၀၀၉ ခုနှစ်က စတင်ဆောက်လုပ်ခဲ့ခြင်း ဖြစ်ပြီး ခွင့်ပြုချက်မရှိဘဲ ဘာသာရေး အဆောက်အအုံနှင့် ဘာသာရေးစာသင်ကျောင်း ဖွင့်လှစ်ခြင်း၊ ယခင်က ဥက္ကံတွင် ဘာသာရေး ပဋိပက္ခ ဖြစ်ပွားခဲ့ဖူးသဖြင့် မလိုလားအပ်သော ပြဿနာများ မဖြစ်စေရေးအတွက်  ပိတ်သိမ်းခဲ့ခြင်း ဖြစ်ကြောင်း ၎င်းထံမှ သိရသည်။ 

၂ ဧကကျော် ကျယ်ဝန်းသော ခြံထဲတွင် နှစ်ထပ်စာသင်ကျောင်း တစ်ကျောင်း၊ တစ်ထပ်စာသင်ဆောင် တစ်ဆောင်နှင့် စာသင်ဆရာ ၁၈ ဦး၊ ကျောင်းသားဦးရေ ၁၃၂ ဦး ရှိကြောင်း၊ ဘာသာရေး အဆောက်အအုံမှာ အလျား ပေ ၁၀၀၊ အနံ ပေ ၅၀ ရှိ ခြံဝန်းတွင် တည်ဆောင်ထားကြောင်း၊ စစ်ဆေးရေးအဖွဲ့တွင် ပါဝင်သော ဥက္ကံမြို့ ဘာသာပေါင်းစုံ ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ ဦးကိုကိုနိုင်က ပြောဆိုသည်။ 

ဘာသာရေး အဆောက်အအုံများကို သက်ဆိုင်ရာ ဌာနများမှ ခွင့်ပြုရရှိမှသာ ဆက်လက်ဆောင်ရွက်ရန်နှင့် လတ်တလောတွင် ရက်ဆိုင်းထားရန် ဘာသာရေး အဆောက်အအုံနှင့် စာသင်ကျောင်းမှ တာဝန်ရှိသူများကို စစ်ဆေးရေးအဖွဲ့ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးစေခဲ့ကြောင်း စစ်ဆေးရေးအဖွဲ့ထံမှ သိရသည်။ 

R-19