News

POST TYPE

NEWS

ဥရုချောင်းအတွင်း စက်လှေတစ်စင်းနစ်မြုပ်

ကလေး၊ ဇူလိုင် ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ ဥရုချောင်းအတွင်း ဇူလိုင်လ ၁၈ ရက်နေ့ ညနေက စက်လှေတစ်စင်း တိမ်းမှောက်နစ်မြုပ်ခဲ့ကြောင်း မိုင်းကိုင်းရဲကင်းစခန်းထံမှ သိရသည်။

ယင်းနေ့ ညနေ ၃ နာရီခန့်က ဆီပင်ဆိပ်မှ ရွှေတူးဖော်ရာတွင် အသုံးပြုသည့် သံပိုက်များ တင်ဆောင်ပြီး ဥရုချောင်းအတိုင်း ဆန်တက်မောင်းနှင်လာစဉ် ထိန်ကုန်ကျေးရွာအနီး ဥရုချောင်းအတွင်းရှိ ငုတ်ဖြင့် တိုက်မိရာမှ နစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ စက်လှေနစ်မြုပ်မှုကြောင့် စက်လှေပေါ်တွင် လိုက်ပါလာသည့် လူလေးဦး ထိခိုက်ဒဏ်ရာရခြင်း မရှိကြောင်း ထိန်ကုန်းကျေးရွာတွင် နေထိုင်ပြီး စက်လှေနစ်မြုပ်ရာအနီးတွင် ရှိနေသည့် ဦးအောင်စိုးသိန်းက ပြောကြားသည်။

“ဆီပင်ဆိပ်ကနေပြီးတော့ မျောပစ္စည်းတွေ တင်လာတာပေါ့။ သံပိုက်ဘက်ထရီနဲ့ ကျန်တဲ့ အတိုအထွာပစ္စည်းတွေ ပါလာတောပေါ့။ ထိန်ကုန်းနားရောက်တော့ အောက်က ငုတ်ကို တိုက်ပြီး မှောက်သွားတာ”ဟု ၎င်းကဆိုသည်။ 

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ခေါင်ငိုးကျေးရွာနေ ရေယာဉ်မောင်း အောင်နိုင်သိန်း ၂၉ နှစ်ကို အမှုဖွင့် အရေးယူနိုင်ရန် မိုင်းကိုင်း ရဲကင်းစခန်းက ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါစခန်းထံမှ သိရသည်။

R-20