News

POST TYPE

NEWS

မကွေးရေဘေး စာသင်ကျောင်း တစ်ရာကျော်ပိတ်၊ လူတစ်ထောင်ကျော် အိုးအိမ်မဲ့
16-Jul-2017


မကွေး၊ ဇူလိုင် ၁၆

ဧရာဝတီမြစ်ရေ မြင့်တက်နေမှုကြောင့် မကွေးတိုင်း ဒေသကြီး အတွင်းရှိ စာသင်ကျောင်း ၁၂၉ ကျောင်း ပိတ်ထားရပြီး လူနေအိမ်ခြေ ၄၇၀ ကျော်မှ လူဦးရေ ၁၇၀ဝ ကျော်သည် ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့ နေထိုင်ကြရလျက် ရှိကြောင်း မင်းဘူးမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် မကွေးတိုင်းဒေသကြီး ပညာရေးမှူးရုံးတို့ထံမှ စုံစမ်းသိရှိရသည်။

လက်ရှိတွင် ဧရာဝတီမြစ်ရေသည် ပခုက္ကူနှင့် ညောင်ဦးမြို့များတွင် စိုးရိမ်ရေမှတ် အထက်သို့ ရောက်ရှိနေပြီး မကွေးမြို့တွင်မူ စိုးရိမ်ရေမှတ်သို့ ရောက်ရှိရန် ငါးပေခန့် လိုနေသေးကြောင်း မကွေး တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးဇော်လွင်က ပြောကြားသည်။

“မြစ်ရေ အခြေအနေက မနှစ်ကလောက် မတက်သေးပါဘူး။ နှစ်စဉ်ဖြစ်ရိုး ဖြစ်စဉ်တစ်ခု အဆင့်မျှသာပါပဲ။ ပြောင်းရွှေ့နေရသူ အိမ်ထောင်စုတွေကိုတော့ တိရစ္ဆာန်တွေ အိမ်ထောင်သုံး ပစ္စည်းတွေ သယ်ဖို့အတွက် နယ်မြေခံ တပ်မတော်သားတွေ ရဲတပ်ဖွဲ့တွေနဲ့ လူမှုရေးအသင်း အဖွဲ့တွေက ကူညီနေကြပါတယ်။ လူဦးရေ ၁၇၀ဝ ကျော်လောက် ရေဘေးလွတ်ရာ ပြောင်းရွှေ့ နေထိုင်နေရဆဲ ဖြစ်ပါတယ်”ဟု မင်းဘူးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းက ဆိုသည်။

အဆိုပါ မြစ်ရေတက်ခြင်းသည် ဒေသခံအများအတွက် ဖြစ်လေ့ဖြစ်ထ ရှိနေပြီး ပုံမှန်မပျက် ရွှေ့ပြောင်း နေထိုင်ကြရလေ့ ရှိသော်လည်း ဆိုးရွားစွာ နစ်မြုပ်လေ့ရှိသည့် ကျေးရွာများအတွက်ကိုမူ ယင်းဒုက္ခများမှ ကင်းလွတ်စေရေးအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနှင့် တစ်မျိုးတစ်ဖုံ စဉ်းစားပေးစေလိုကြောင်း ဧရာဝတီမြစ် အနောက်ဘက်ခြမ်းဒေသ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (AWDO) တာဝန်ခံ ဦးသန့်ဇင်က ပြောကြားသည်။

မြစ်ရေတက်ခြင်းကြောင့် မုန်း ချောင်းနှင့် ဧရာဝတီမြစ်ဆုံရာ ဒေသတစ်ဝန်းရှိ ကျေးရွာများ ဖြစ်သည့် သနပ်ပင်စု၊ ပေါင်းငူ၊ ပေါက်လေးပင်၊ နိဗ္ဗာန်ကျွန်း၊ ကျွန်းကလေး၊ ရွာသစ်ကုန်း၊ ဆည်ရွာ၊ ထုံးမကြီးစသည့် ကျေးရွာများနှင့် မင်းဘူးမြို့ပေါ် ကမ်းနားရပ်ကွက်များဖြစ်သည့် ရပ်ကွက် ၃ နှင့် ၄ တို့ရှိ အိမ်ထောင်စုများသည် နှစ်စဉ်နီးပါး ကဲ့သို့ပင် ယခုနှစ်လည်း ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့နေကြရကြောင်း မင်းဘူးဒေသခံဖြစ်သူ ဦးဝင်းချိုက ရှင်းပြသည်။

ထုံးမကြီးရွာသည် ယခင်နှစ်များက ကမ်းပါးပြိုမှုများကြာင့် လက်ရှိအစိုးရလက်ထက်တွင် နေရာသစ်သို့ ပြောင်းရွှေ့ထားသော်လည်း လက်ရှိနေရာသစ်မှာ ရွာဟောင်း၏အောက်သို့ ငါးပေကျော် နိမ့်ကျနေသည့် နေရာဖြစ်ခြင်းကြောင့် ယခင်ရွာဟောင်းနေရာထက်ပင်ရေနစ် မြှုပ်မှုပိုများနေသည့်အတွက် ကျေးရွာသူ ကျေးရွာသားများအတွက် အခက်အခဲရှိကြောင်း ၎င်းက ပြောဆိုသည်။ 

လက်ရှိ အချိန်တွင် ရေမြုပ်နေသည့် ကမ်းပါးများသည် ကမ်းပြိုခြင်းများ ဖြစ်လေ့မရှိဘဲ ရေပြန်အကျ သီတင်းကျွတ် လဝန်းကျင်တွင် ကမ်းပြိုလေ့ ရှိနိုင်ကြောင်း ဦးဇော်လွင်က ပြောကြားသည်။

မကွေး တိုင်းဒေသကြီး အတွင်းတွင် ဧရာဝတီမြစ်ရေ ဝင်ရောက်ခြင်းကြောင့် ယာယီ ပိတ်ထားရသည့် စာသင်ကျောင်းပေါင်း ၁၂၉ ကျောင်းတွင် တက်ရောက် သင်ကြားနေသူ ကျောင်းသားကျောင်းသူ ပေါင်း ၁၇,၂၀ဝ ကျော်ရှိပြီး မြစ်ရေဝင်သည့်အတွက် စာသင်ကြားမှု ပျက်ကွက်နေရခြင်းအပေါ် အစားထိုး သင်ကြားနိုင်ရေးအတွက် သင့်လျော်မည့် အစီအစဉ် အချို့ ဆောင်ရွက်ရန် ရှိကြောင်း မကွေး တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

R-02

  • VIA