News

POST TYPE

NEWS

မြိတ် စက်သုံးဆီဆိုင် မီးလောင်မှု ရှစ်တန်းကျောင်းသားတစ်ဦး သေဆုံး
16-Jul-2017 tagged as


မြိတ်၊ ဇူလိုင် ၁၆

မြိတ်မြို့ စန္ဒဝတ်ကျေးရွာအုပ်စု ကျောက်ဖြူ တောင်ကျေးရွာ (မြိတ်မြို့အဝင်)ရှိ စက်သုံးဆီ အရောင်းဆိုင်တစ်ဆိုင်တွင် ဇူလိုင် ၁၆ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ယင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ သိရှိရသည်။

စက်သုံးဆီ အရောင်းဆိုင်ရှိ ဆီတိုင်ကီသို့ ဆီဘောက်ဆာ ကားကြီးမှ ပိုက်ဖြင့် ဆီဖြည့်နေစဉ် မီးလောင်းကျွမ်းမှု ဖြစ်ပွားပြီး ဆိုင်ရှင်၏ ဆွေမျိုးတော်စပ်သူ ၁၄ နှစ်အရွယ် ၈ တန်း ကျောင်းသားမှာ မီးလောင်ကျွမ်းပြီး သေဆုံးခဲ့ကြောင်း ယင်းဆီဆိုင်ရှင် ဦးဝင်းကိုက ပြောကြားသည်။

“ဆီဖြည့်နေတုန်း ဆိုင်ထဲက မီးတစ်ခုခုရှိနေတာကြောင့် မီးလောင်ရတာ ဖြစ်နိုင်တယ်”ဟု မြိတ်ခရိုင် မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးဇော်ဝင်းက ခန့်မှန်းသည်။

ထို့ပြင် ဆီဖြည့်သည့်ပိုက်ဂေါက်နှင့် ဆီတိုင်ကီပုံးတို့ ပွတ်တိုက်မှုဖြစ်ပြီး အပူဖြစ်ကာ မီးလောင်ကျွမ်းမှု ဖြစ်တတ်ကြောင်း မြို့နယ် မီးသတ်ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

လက်ရှိတွင် မီးလောင်ရသည့် အကြောင်းအရင်း အသေးစိတ်နှင့် ဆုံးရှုံးမှုတန်ဖိုးကို စစ်ဆေးနေဆဲဖြစ်ကြောင်း မြိတ်မြို့နယ် မီးသတ်ဦးစီးဌာနမှ သိရှိရသည်။

အဆိုပါ မီးလောင်သည့်နေရာကို အရံမီးသတ်တပ်ဖွဲ့၊ မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ်များနှင့် ရေသည်ယာဉ်များ၊ ရပ်ကွက်နေပြည်သူ တစ်ချို့နှင့် တပ်မတော်သားတစ်ချို့တို့က ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် မွန်းလွဲ ၁ နာရီကျော်တွင် မီးငြိမ်းခဲ့သည်။

မီးလောင်မှုကြောင့် ဆီဆိုင်နှင့် နေအိမ်တစ်လုံး မီးလောင်ကျွမ်းခဲ့ရကြောင်း မီးသတ်ဌာနမှ သိရသည်။

  • TAGS