News

POST TYPE

NEWS

ဆန်တန်ချိန် ငါးသိန်းဝယ်ရန် သီရိလင်္ကာ ကမ်းလှမ်း
14-Jul-2017 tagged as ဆန်

ရန်ကုန်၊ ဇူလိုင် ၁၃

ယခုနှစ်အတွင်း မြန်မာနိုင်ငံမှ ဆန်တန်ချိန် ငါးသိန်း ဝယ်ယူရန်အတွက် သီရိလင်္ကာနိုင်ငံက ကမ်းလှမ်းလာသောကြောင့် တင်ပို့ရောင်းချမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။ 

ပေါင်းဆန်နှစ်သိန်းနှင့် ဆန်ဖြူသုံးသိန်း ဝယ်ယူရန် ကမ်းလှမ်းခြင်းဖြစ်ပြီး ဇူလိုင်လ ၁၂ ရက်နေ့က သီရိလင်္ကာနိုင်ငံသို့ G to G (အစိုးရချင်း) တရားဝင် တင်ပို့ရောင်းချနိုင်ရေးအတွက် သီရိလင်္ကာနိုင်ငံမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံမှ ဆန်ကုန်သည်များသည် နေပြည်တော်တွင် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တွဲဖက်အတွင်းရေးမှူး ဦးနေလင်းဇင်က ပြောကြားသည်။ 

“သူတို့ အရေးပေါ် လိုချင်တာကတော့ ငါးသိန်းပဲ။ ဒါပေမဲ့ တန်ချိန် တစ်သိန်းတောင် ရောင်းနိုင်ပါ့မလား မသိဘူး။ သူတို့ လိုချင်တာကလည်း တန်းမြင့်ဆန် ဆိုတော့လေ။ သူတို့က ပေါင်းဆန်လည်း စားတယ်” ဟု ၎င်းက ပြောဆိုသည်။ 

မြန်မာနိုင်ငံက သီရိလင်္ကာနိုင်ငံသို့ ဆန်တင်ပို့ရောင်းချနိုင်ရေးအတွက် နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးပြီး တရားဝင် ရောင်းချနိုင်ရန်အတွက် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကာ ဖိလစ်ပိုင်နိုင်ငံသို့လည်း တင်ဒါစနစ်ဖြင့် ဆန်တန်ချိန် ငါးသောင်းကို ပင်လယ်ရေကြောင်းမှ တရားဝင် ရောင်းချနိုင်ရန် စီစဉ်လျက်ရှိကြောင်း ဆန်စပါး အသင်းချုပ်ထံမှ သိရသည်။ 

ယခု ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွင်း သီရိလင်္ကာနိုင်ငံသို့ ဆန်တန်ချိန်ပေါင်း ကိုးထောင်ကျော် တင်ပို့ထားပြီး တင်ပို့မှုတန်ဖိုး အမေရိကန်ဒေါ်လာ နှစ်သန်းကျော် ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာနထံမှ သိရသည်။ 

J-11