News

POST TYPE

NEWS

မန္တလေးတိုင်းတွင် မဘသ ဆိုင်းဘုတ်များ မဖျက်ဆီးနိုင်ရန် မဘသ အဖွဲ့ဝင်များ စောင့်ကြပ်မည်
14-Jul-2017 tagged as မဘသ


ရန်ကုန်၊ ဇူလိုင် ၁၃

မန္တလေး တိုင်းဒေသကြီးအတွင်းရှိ မဘသ ဆိုင်းဘုတ်များ မဖျက်ဆီးနိုင်စေရန် ဆိုင်းဘုတ်ကြီးများ စိုက်ထူထားသော နေရာများ၌ မဘသအဖွဲ့ဝင်များက စောင့်ကြည့်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး မဘသအဖွဲ့ဝင် ဦးဆောင်ဆရာတော်တစ်ပါးက မိန့်သည်။

ပြီးခဲ့သည့် မေလ ၂၃ ရက်၌ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (မဟန)သည် မြန်မာနိုင်ငံ အနှံ့အပြား၌ စိုက်ထူထားသော မဘသအဖွဲ့ ဆိုင်းဘုတ်များကို ဇူလိုင်လ ၁၅ ရက်နေ့ နောက်ဆုံး အပြီး ဖြုတ်သိမ်းရန် လမ်းညွှန်ချက်ထုတ် ပြန်ခဲ့သည်။

ထို့အတူ မန္တလေးတိုင်းအတွင်းရှိ မဘသ ဆိုင်းဘုတ်များကိုလည်း ဇူလိုင်လ ၁၅ ရက်နေ့ အပြီးဖြုတ်ရန် တိုင်းသံဃနာယက အဖွဲ့မှလည်း မဘသအဖွဲ့ဝင် ဆရာတော်များကို ဇူလိုင်လ ပထမအပတ်၌ တိုင်း သံဃနာယကရုံး၌ ခေါ်ယူတွေ့ဆုံ၍ ညွှန်ကြားမှု ပြုလုပ်ခဲ့သည်။

“မန္တလေးမြို့ပေါ်မှာက မဘသ ဆိုင်းဘုတ်ကြီးတွေ သုံးနေရာလောက် စိုက်ထူထားတယ်။ ဇူလိုင်လ ၁၅ ရက်နေ့ နောက်ဆုံး ဖယ်ရှားပေးဖို့ ထုတ်ပြန်ထားတော့ ဆိုင်းဘုတ်တွေ ရှိတဲ့နေရာတွေမှာ မဘသအဖွဲ့ဝင်တွေက စောင့်ကြည့်သွားမှာ ဖြစ်တယ်”ဟု မန္တလေး တိုင်းဒေသကြီး မဘသ ဦးဆောင် ဆရာတော် တစ်ပါးက ဆက်လက်မိန့်သည်။

ထိုကဲ့သို့ မဟနအဖွဲ့ကြီးသည် မဘသ ဆိုင်းဘုတ်များကို ဇူလိုင်လ ၁၅ ရက်၌ နောက်ဆုံးထား ဖယ်ရှားပေးရန် ထုတ်ပြန်ထားသည့်အပေါ် ပြဿနာ မဖြစ်စေလိုကြောင်း မန္တလေးတိုင်းဒေသကြီး သံဃနာယက ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တဝီစိတ္တာ ဘိဝံသ ဆရာတော်က The Voice သို့ မိန့်ကြားခဲ့သည်။

“ပြဿနာ မဖြစ်စေချင်ဘူး။ နာမည် ပြောင်းပြီးလုပ်ပေါ့။ ဆိုင်းဘုတ်ကို ဘာလို့ စွဲလမ်းနေတာလဲ၊ လုပ်ချင်တာ လုပ်ခွင့်ရဖို့ ပဲလိုတာ”ဟု မန္တလေး တိုင်းဒေသကြီး သံဃ နာယက ဥက္ကဋ္ဌ ဆရာတော်က မိန့်သည်။

ထို့အတူ မန္တလေးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်ရှိ မဘသ ဆိုင်းဘုတ်များကို ဖြုတ်ချပေးရန်မရှိဘဲ အကြမ်းဖက် ဆောင်ရွက်လျှင် ဖြစ်ပေါ်လာမည့် ကိစ္စအရပ်ရပ်သည် အစိုးရ၏ တာဝန်သာ ဖြစ်ကြောင်း ဇူလိုင်လ ၁၀ ရက်နေ့၌ အဆိုပါ အဖွဲ့များက ထုတ်ပြန်ခဲ့သည်။

အလားတူ မဘသ အဖွဲ့ဝင် ဆရာတော်များက ဆိုင်းဘုတ်များ မဖြုတ်သိမ်းလိုလျှင် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ထံ ဆက်လက် တင်ပြသင့်ကြောင်း တိုင်းဥက္ကဋ္ဌ ဆရာတော်ကြီးက မိန့်ကြားသည်။

မန္တလေးတိုင်းအတွင်းရှိ မဘသ အဖွဲ့ဝင်များသည် မဘသ အမည်ဖြင့် ဆက်လက် ရပ်တည်နိုင်ရန် နိုင်ငံတော် သံဃ မဟာနာယကအဖွဲ့နှင့် ပြည်ထဲရေး ဝန်ကြီးဌာနထံ ဆက်လက် တင်ပြသွားမည်ဖြစ်ကြောင်း မန္တလေး တိုင်းဒေသကြီးရှိ မဘသ ဆရာတော်များထံမှ သိရသည်။

J-07