News

POST TYPE

NEWS

မန္တလေး မဘသ ဦးဆောင်ဆရာတော် ဦးဝီရသူ ရခိုင်ပြည်နယ် ရောက်ရှိ
11-Jul-2017 tagged as မဘသ ဦးဝီရသူ


ရန်ကုန်၊ ဇူလိုင် ၁၁

မန္တလေးတိုင်းဒေသကြီး မဘသ အဖွဲ့၏ ဦးဆောင်ဆရာတော်တစ်ပါးဖြစ်သော ဆရာတော် ဦးဝီရသူသည် ဇူလိုင်လ ၁၁ ရက်နေ့က ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိနေပြီဖြစ်ကြောင်း မန္တလေးတိုင်း မဘသအဖွဲ့ထံမှ သိရသည်။

ဦးဝီရသူသည် ရန်ကုန်မြို့မှ စစ်တွေ သို့ လေကြောင်းလိုင်းဖြင့် သွားရောက်ခဲ့ပြီး ထိုမှတစ်ဆင့် ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောသို့ သွားရောက်၍ ရခိုင်တိုင်းရင်းသားများကို ထောက်ပံ့ရေး ပစ္စည်းများ လှူဒါန်းသွားမည်ဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

“ဆရာတော် ဦးဝီရသူက စစ်တွေမှတစ်ဆင့် ဘူးသီးတောင်၊ မောင်တောမြို့မှာရှိတဲ့ ဒေသခံ တိုင်းရင်းသားတွေအတွက် ထောက်ပံ့ရေးပစ္စည်းတွေ လှူဒါန်းမှာဖြစ်တယ်”ဟု ဆရာတော် ဦးဝီရသူ ခရီးစဉ်၌ ပါဝင်သော ဆရာတော်တစ်ပါးက မိန့်သည်။

ဆရာတော်ဦးဝီရသူ၏ ရခိုင်ပြည်နယ်ခရီးစဉ်များ အားလုံးကို ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှ လုံခြုံရေး လိုက်ပါ ဆောင်ရွက်ပေးလျက်ရှိကြောင်း ဆရာတော်ဦးဝီရသူ၏ ခရီးစဉ်၌ လိုက်ပါ ဆောင်ရွက်နေသော ဆရာတော်များထံမှ သိရသည်။

“ယခု ရခိုင်ပြည်နယ်ခရီးစဉ်က ကုလ အထူးကိုယ်စားလှယ် ရခိုင်ပြည်နယ်ကို လာရောက်လို့ ဦးပဉ္စင်းတို့က ရခိုင်ကိုသွားခဲ့တာ မဟုတ်ပါဘူး။ ရခိုင်ကို သွားရောက် လှူဒါန်းမယ့်ရက်ကို လွန်ခဲ့တဲ့ တစ်လလောက်ကတည်းက သက်မှတ်ထားခဲ့တာဖြစ်တယ်။ ယန်ဟီးလီ ခရီးစဉ်ကြောင့် ရခိုင်ကို လာတာမဟုတ်ဘူး”ဟု အဆိုပါ ဆရာတော်က ဆက်လက်မိန့်သည်။

ကုလ အထူးကိုယ်စားလှယ် မစ္စယန် ဟီးလီသည် ဇူလိုင်လ (၁၀) ရက်နေ့၌ မြန်မာနိုင်ငံခရီးစဉ်အတွင်း ရန်ကုန်၊ နေပြည်တော်၊ ရခိုင်နှင့် ကရင်ပြည်နယ်သို့ သွားရောက်ပြီး ဇူလိုင် ၂၁ ရက်၌ မြန်မာနိုင်ငံမှ ပြန်လည် ထွက်ခွာမည်ဖြစ်သည်။ သူမသည် မြန်မာနိုင်ငံ၌ (၁၁)ရက်ခန့် နေထိုင်ပြီး လူ့အခွင့်အရေး အခြေအနေများကို လေ့လာသွားမည်ဖြစ်သည်။

မစ္စယန်ဟီးလီသည် ဇူလိုင်လ ၁၁ ရက်နေ့၌ ကျောက်ဖြူသို့ ရောက်ရှိခဲ့ပြီး ထိုမှတစ်ဆင့် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ဘူးသီးတောင်၊ မောင်တောရှိ ဘင်္ဂါလီဒုက္ခသည် စခန်းများ အပါအဝင် ရခိုင်တိုင်းရင်းသား အဖွဲ့များဖြင့် တွေ့ဆုံသွားမည်ဖြစ်သည်။

မစ္စယန်ဟီးလီသည် သူမ၏ မြန်မာနိုင်ငံခရီးစဉ်၌ လူ့အခွင့်အရေးဆိုင်ရာ တွေ့ရှိချက်များကို အောက်တိုဘာလအတွင်း ကျင်းပမည့် ကုလသမဂ္ဂ ညီလာခံ၌ တင်ပြသွားမည်ဖြစ်သည်။

J-07