News

POST TYPE

NEWS

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးနှင့် တွေ့ဆုံခြင်း
11-Jul-2017 tagged as မိုးလေဝသ

မြန်မာနိုင်ငံအထက်ပိုင်း ဒေသများတွင် မိုးများကာ မြို့ကြီးများတွင် စိုးရိမ်ရေမှတ်အထက် မြစ်ရေမြင့်တက်လျက်ရှိရာ ထပ်မံ၍ မြန်မာနိုင်ငံအောက်ပိုင်း ဒေသများတွင်ပါ မြစ်ရေမြင့်တက်လာနိုင်မှု အခြေအနေနှင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နိုင်သည့်အပေါ် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးနှင့် ဆက်သွယ်မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

Voice : ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာလည်း မြန်မာနိုင်ငံအထက်ပိုင်းတွေမှာ မိုးများခဲ့တယ်။ မြစ်ရေတွေလည်း မြင့်တက်နေတယ်ဆိုတော့ အခုလာမည့် သီတင်းပတ်အတွင်းမှာ ဘယ်ဒေသတွေ မိုးများနိုင်ဖွယ်ရှိလဲ ဆရာ။ 

Dr.KMO : နောက်တစ်ရက် နှစ်ရက်ကတော့ မြန်မာနိုင်ငံအထက်ပိုင်း ကချင်နဲ့ စစ်ကိုင်းဘက်မှာ ရွာပြီးတော့ မိုးက လျော့ကျသွားပြီးတော့ အလယ်ပိုင်းတွေမှာ နည်းနည်းလေး မိုးပြန်ရွာနိုင်တယ်။ အဲဒီဒေသမှာ မိုးမရတာ တော်တော်ကြာနေပြီ။ အလယ်ပိုင်းတွေမှာ နှစ်ရက်သုံးရက်လောက်တော့ ပျံ့နှံ့လာနိုင်တယ်။ လောလောဆယ် မုတ်သုံက အားအသင့်အတင့်လောက်ပဲ ရှိတယ်။ တနင်္သာရီဘက်ဆို အားနည်းနေတဲ့ အနေအထားလေးတွေ ရှိတယ်။ လောလောဆယ်တော့ ကချင်မှာတော့ အနောက်ဘက်ကလာတဲ့ လေပွေလှိုင်းတွေကြောင့် မိုးရနေတယ်။ Heavy Rain ဖြစ်နေတယ်။ မနေ့တုန်းက စဖြစ်တာပေါ့။ ဒီလိုဖြစ်တဲ့အတွက်ကြောင့် ပထမတော့ ချင်းတွင်းမြစ်ရေက ခန္တီးမှာ စိုးရိမ်ရေမှတ်အောက် ကျနေရာကနေ မနေ့တုန်းက (ဇူလိုင် ၈ ရက်) ပြန်တက်လာတော့ စိုးရိမ်ရေမှတ်အထက်မှာ ရှိနေတယ်။ ကျန်တဲ့စခန်းတွေလည်း စိုးရိမ်ရေမှတ် အထက်မှာ ရှိနေတယ်။ ကနီတစ်ခုက လွဲလို့ပေါ့။

Voice : အဲဒါဆို ဘယ်မြို့တွေက မြစ်ရေကြီးမှု အန္တရာယ် ဆက်ရှိနိုင်သလဲ ဆရာ။

Dr.KMO : ချင်းတွင်းတစ်ကြောလုံးကတော့ စောစောက ပြောသလို စခန်းတွေ အကုန်လုံးမှာ မြစ်ရေမှတ်တွေက တက်လာဖို့ ရှိတယ်။ ခန္တီး၊ ဟုမ္မလင်း၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်း၊ ဖောင်းပြင်၊ ကနီ၊ မုံရွာ ဒီဟာတွေမှာ စိုးရိမ်ရေမှတ်အထက် မရောက်တာ ကနီတစ်ခုပဲ ရှိတယ်။ ဒါပေမဲ့ နောက်တစ်ရက် နှစ်ရက်နေရင် ပြန်တက်လာမယ့် အနေအထား ရှိတယ်။ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝတို့မှာ အနည်းငယ်တော့ ပြန်ကျမယ်။ ဒါပေမဲ့ နောက်တစ်ရက်လောက်ဆို ပြန်တက်နိုင်ပြီးတော့ စိုးရိမ်ရေမှတ်အထက်မှာပဲ ဆက်ရှိမယ့် အနေအထား ရှိတယ်။ ဧရာဝတီဘက်မှာ ဆိုရင်တော့ ချင်းတွင်းနဲ့ သွားဆုံတဲ့ ပခုက္ကူ တို့၊ ညောင်ဦးတို့မှာ နောက်သုံးရက်လောက်ဆို ဒါစိုးရိမ်ရေမှတ် အထက်နားကို ကပ်သွားနိုင်တယ်။ ပြီးသွားရင် နောက် ခြောက်ရက်၊ ခုနစ်ရက်လောက်ဆို ဟင်္သာတတို့၊ ဇလွန်တို့မှာ စိုးရိမ်ရေမှတ်အထက် ကပ်နိုင်ပြီး ကျော်ရင်လည်း ကျော်သွားနိုင်တယ်။ ဧရာဝတီမြစ်ဘက်ကလည်း အခုပြန်ပြီး စတက်နေတဲ့ အနေအထား ရှိတယ်။

Voice : အခုလို မြစ်ရေတွေ စိုးရိမ်ရေမှတ်အထက်တက်ပြီး ရေကြီးနေတာက အရင်လိုမျိုး အဆိုးရွားဆုံး အခြေအနေအထိ ရောက်နိုင်လား။ 

Dr.KMO : အင်း အဲဒီလောက်ကြီးထိတော့ အဆိုးရွားဆုံး အခြေအနေကို မရောက်နိုင်ဘူး။ သူကတော့ ပုံမှန်မိုးများတဲ့အတွက် ရေတက်တာပါ။ နောက်အထက်ပိုင်းမှာ တစ်ရက်နှစ်ရက်လောက်ပြီးရင် မိုးပြန်လျော့သွားမှာ ဆိုတော့ ပြန်ပြီးကျသွားမယ့်အနေအထားလေးတော့ ရှိတယ်။ ဧရာဝတီဘက်ထဲမှာတော့ မြစ်ကြီးနားမှာ ရေအနည်းငယ် ပြန်လိုက်လာတဲ့အတွက် ရွှေကူတို့ ကသာတို့ကတော့ သတိပြုဖို့လိုတယ်။ ပခုက္ကူ၊ ညောင်ဦးကတော့ နောက် သုံးရက်လောက်ဆို စိုးရိမ်ရေမှတ်ကို ရောက်နိုင်တယ်။ မိုးကတော့ ဒီတစ်ရက်နှစ်ရက်မှာ အထက်ပိုင်းမှာ ဆက်ရွာဦးမှာ ဆိုတော့ ဧရာဝတီနဲ့ ချင်းတွင်းမှာ မြစ်ရေကတော့ တိုးလာမယ့် အနေအထား ရှိတယ်။ 

Voice : မြန်မာနိုင်ငံအထက်ပိုင်းမှာ မိုးများတာကရော ဘာကြောင့်လဲဆရာ။ ဒီနှစ်က မိုးများမယ့်နှစ်လို့ ပြောလို့ရမလား။ 

Dr.KMO : မိုးကတော့ တအားကြီးလည်း မများဘူး။ တချို့ ပြည်နယ်နဲ့တိုင်းတွေဆိုရင် မိုးနည်းနေတာ ရှိတယ်။ စစ်ကိုင်းတိုင်းအောက်ပိုင်းဆိုရင် မိုးလုံးဝမရွာဘူးပေါ့နော်။ မုတ်သုံဝင်ပြီး တစ်လခွဲ အတွင်းမှာ ရွာတာက တစ်ရက်နှစ်ရက်လောက်ပဲ ရှိသေးတယ်ဆိုတော့ အလယ်ပိုင်းဒေသတွေမှာ မိုးနည်းနေသေးတယ်။ ကျန်တဲ့ဒေသတွေမှာတော့ မိုးရေချိန်က ပုံမှန်ပဲ ရှိနေသေးတယ်။ အထက်ပိုင်းမှာ မိုးများနေတာကတော့ အဓိကကတော့ အနောက်ဘက်ကလာတဲ့ လေပွေလှိုင်းက အားကောင်းနေတယ်။ စစ်ကိုင်းတိုင်းဒေသကြီးမှာ မိုးများပြီး ကချင်ပြည်နယ်မှာ ဆိုရင် နေရာကွက်ပြီး မိုးကြီးနိုင်တာပေါ့။ ဒီလေပွေလှိုင်းက ကချင်ပြည်နယ်ကနေ အောက်ကို နည်းနည်းလေးဆင်းလာတော့ နောက် ရက်ပိုင်းတွေမှာတော့ အလယ်ပိုင်းတွေ မိုးမရသေးတဲ့ ဒေသတွေမှာတော့ မိုးအနည်းငယ် ရနိုင်မယ်လို့ ပြောရမယ်။

Voice : အဓိက မြစ်ကြီးတွေက မြစ်ရေမြင့်တက်နေတဲ့အတွက် မြန်မာနိုင်ငံအောက်ပိုင်းမှာရော ဧရာဝတီမြစ်ရေက ဘယ်လောက်အထိ မြင့်တက်နိုင်သလဲ ဆရာ။

Dr.KMO : ချင်းတွင်းဘက်မှာ ဆိုရင်တော့ ကနီတစ်ခုပဲ ကျန်မယ်။ ကျန်တဲ့မြို့တွေမှာတော့ စိုးရိမ်ရေမှတ်အထက်မှာ ရှိမယ်။ စိုးရိမ်ရေမှတ်အထက်ကို နောက်ထပ် တစ်ပေနှစ်ပေလောက် ဆက်တက်လာနိုင်တယ်။ အဲဒီလိုမျိုးပဲ ဧရာဝတီမြစ်ဘက်မှာဆိုရင်တော့ စခန်းလေးခုပေါ့ ရွှေကူရယ်၊ ကသာရယ် နောက်မြစ်အလယ်ပိုင်းမှာ ဆိုရင် ပခုက္ကူ၊ ညောင်ဦးပေါ့။ မြစ်အောက်ပိုင်း ဆိုရင်တော့  ဟင်္သာတ၊ ဇလွန်အထိ မြစ်ရေတက်နိုင်တယ်။ ရွှေကူနဲ့ ကသာကတော့ နောက်သုံးလေးရက်လောက်နေရင် ရေရောက်နိုင်ပြီး စိုးရိမ်ရေမှတ်အထက်ကို ကပ်သွားနိုင်တယ်။ ညောင်ဦးနဲ့ ပခုက္ကူမှာလည်း ဧရာဝတီက ဆင်းလာတဲ့ရေရော ချင်းတွင်းက ဆင်းလာတဲ့ရေရော ဆုံပြီး သူလည်း စိုးရိမ်ရေမှတ်ကို ရောက်နိုင်တယ်။ နောက်ငါးရက်လောက်ဆိုရင် ဟင်္သာတနဲ့ ဇလွန်တို့မှာလည်း စိုးရိမ်ရေမှတ်အထက်ကို ရောက်သွားနိုင်တဲ့ အနေအထား ရှိတယ်။

Voice : စစ်ကိုင်းတိုင်းမှာလည်း ချင်းတွင်းမြစ်ရေတက်လို့ ရေကြီးရေလျှံမှုတွေ ဖြစ်နေတာတွေ ရှိတယ်။ အခုလည်း မြစ်ရေက ဆက်တက်ဦးမယ် ဆိုတော့ ဘာတွေကြိုတင်ပြင်ဆင်ထားသင့်လဲ ဆိုတာ အကြံပြုပေးပါဦး ဆရာ။

Dr.KMO : အဓိကကတော့ မြစ်ကမ်းပါးမှာ နေသူတွေအနေနဲ့ မြစ်ရေ ရုတ်တရက် မြင့်တက်လာတာကို သတိပြုဖို့လိုတယ်။ ချင်းတွင်းမှာလည်း ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး စိုးရိမ်ရေမှတ် ရောက်နေတော့ ရွှေ့ပြောင်းတာတို့ ဘာတို့လုပ်နေတယ်။ နောက် တချို့နေရာတွေမှာ ကမ်းပါးပြိုတာတို့ ဘာတို့ကို သတိပြုဖို့လိုတယ်။ အဓိကကတော့ မြစ်ရေဝင်ရောက်လာပြီဆိုရင် ဘေးလွှတ်တဲ့ နေရာတွေမှာ ခေတ္တရှောင်ရှား ခိုလှုံတာကတော့ ဘေးအန္တရာယ် အကင်းဆုံးပါပဲ။ နောက်တစ်ခုကတော့ မြစ်ထဲမှာ မျောပါလာနိုင်တဲ့ အဆိပ်ရှိတဲ့ သတ္တဝါတွေ မျောပါလာတာတို့ကို ဒါတွေကိုလည်း ဂရုပြုဖို့ လိုပါတယ်။

Voice : ဟုတ်ကဲ့။ အခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

ပြည့်ဖြိုးလင်း