News

POST TYPE

NEWS

တရုတ်သို့ ဆန်တန်ချိန် နှစ်သိန်း စက်တင်ဘာတွင် စပို့မည်
11-Jul-2017 tagged as တရုတ် ဆန်

ရန်ကုန်၊ ဇူလိုင် ၁၀

တရုတ်နိုင်ငံသို့ ဆန်တန်ချိန် နှစ်သိန်း တရားဝင်တင်ပို့ရန်အတွက် လာမည့် သြဂုတ်လတွင် နှစ်နိုင်ငံ အစိုးရချင်း နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးကာ စက်တင်ဘာလတွင် စတင်၍ တင်ပို့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။ 

၂၀၁၅ ခုနှစ်က တရားဝင်စာချုပ် ချုပ်ဆို၍ တရုတ်နိုင်ငံသို့ ဆန်တန်ချိန် တစ်သိန်း တင်ပို့ခဲ့သည်မှာ ၂၀၁၆ ခုနှစ်က ပြည့်သွားသောကြောင့် တရားဝင် ထပ်မံတင်ပို့ရန် စီစဉ်ခြင်းဖြစ်ပြီး ဆန်တန်ချိန် နှစ်သိန်း တင်ပို့နိုင်ရန် အတွက်လည်း ပြည်တွင်း၌ ခေတ်မီသည့် ဆန်စက်များ ထပ်မံတိုးချဲ့ရန် ရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောကြားသည်။ 

“ဒုတိယ MoU ကို သြဂုတ်လလောက်မှာထိုးပြီး တရုတ်ကို တင်မယ်ဆို စက်တင်ဘာဆို စတင်တော့မှာပါ။ ဒါကြောင့် ဒီအချိန်မှာ ဆန်စက်အရေအတွက်ကို တိုးချဲ့ပြီး ဆောင်ရွက်ဖို့ ရှိတယ်။ တကယ့်ဆန်စက်တွေကလည်း ဖွံ့ဖြိုးလာတဲ့ ဆန်စက်တွေ ရှိတယ်” ဟု ၎င်းက ပြောဆိုသည်။ 

တရုတ်နိုင်ငံသို့ အရည်အသွေးမီသည့် ဆန်များ တင်ပို့နိုင်ရန်အတွက် ပြည်တွင်းရှိ ဆန်စက်များ၏ လိုအပ်ချက်ဖြစ်သည့် ပိုးမွှားနှိမ်နင်းမှု၊ ဓာတ်မြေသြဇာနှင့် ဓာတုဗေဒပစ္စည်းများ၊ ညစ်ညမ်းမှုများ မဖြစ်ပေါ်စေရန် စိုက်ပျိုးရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းကာ ဆန်အရည်အသွေး စစ်ဆေးရေးအဖွဲ့ ဖွဲ့၍ တရုတ်သို့ ဆန်တင်ပို့လိုသည့် ဆန်စက်များကို လိုက်လံစစ်ဆေးရန် ရှိကြောင်း ယင်းအသင်းချုပ်ထံမှ သိရသည်။ 

လက်ရှိအစိုးရကာလတွင် ပြည်ပနိုင်ငံများသို့ ဆန်တရားဝင်တင်ပို့ရန် အတွက် G to G (အစိုးရချင်း) လက်မှတ်ရေးထိုးနိုင်ခြင်း မရှိကြောင်း၊ တရုတ်နှင့် MoU ရေးထိုးပါက ပထမဆုံးအကြိမ် တရားဝင် လက်မှတ်ရေးထိုး ရောင်းချခြင်း ဖြစ်ပြီး တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှုသည် တရားမဝင် ကုန်သွယ်ရေးဖြင့်သာ တင်ပို့နေရသောကြောင့် တရားဝင် ကုန်သွယ်ရေး ဖြစ်လာစေရန် အစိုးရအနေနှင့် ညှိနှိုင်းဆောင်ရွက်ပေးသင့်ကြောင်း ဆန်ကုန်သည်များက ပြောကြားသည်။       

J-11