News

POST TYPE

NEWS INFO

ၾသစေၾတးလ် ခရစ်ယာန် လော်ဘီရုံး ကားဗုံးခွဲခံရမှု နိုင်ငံရေး၊ ဘာသာရေး လှုံ့ဆော်မှုကြောင့် မဟုတ်ဟု ရဲတပ်ဖွဲ့ ထုတ်ပြန်
23-Dec-2016 tagged as ၾသစေၾတးလ်

ကန္ဘာရာ၊ ဒီဇင္ဘာ ၂၂

သြစတြေးလျမြို့တော် ကန်ဘာရာရှိ သြစတြေးလျ ခရစ်ယာန် လော်ဘီအဖွဲ့ (ACL) ရုံးချုပ်တွင်းသို့ ဂတ်စ်ဗူးများ ထည့်ထားသော ဗင်ကားဖြင့် ဝင်တိုက်ခဲ့မှုမှာ “နိုင်ငံရေး၊ ဘာသာရေး သို့မဟုတ် ဝါဒရေးရာ” လှုံ့ဆော်မှုကြောင့် မဟုတ်ကြောင်း သြစတြေးလျ မြို့တော်ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြသည်။

ပေါက်ကွဲမှုကြောင့် ယာဉ်နှင့် လူမရှိသော ရုံးခန်းတို့ ပျက်စီးခဲ့ရပြီး အသက် ၃၅ နှစ် အရွယ်ရှိ ယာဉ်မောင်းမှာ ပြင်းထန်သည့် မီးလောင်ဒဏ်ရာ ရခဲ့သည်။

ဒီဇင်ဘာလ ၂၁ ရက်နေ့ ညက ၉  နာရီခွဲခန့်တွင် အခင်းဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ဝင်တိုက်သည့် ယာဉ်မောင်းမှာ ကန်ဘာရာ ဆေးရုံသို့ ကုသမှု ခံယူရန် ကိုယ်တိုင်လာရောက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အမျိုးသားသည် ကားတွင်းရှိ ဓာတ်ငွေ့ဗူးများကို မီးညှိခဲ့ခြင်းဖြစ်ဖွယ် ရှိကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

သို့သော်လည်း ဆေးရုံတွင် ကနဦး စစ်ဆေးမေးမြန်းပြီးနောက် နိုင်ငံရေး လှုံ့ဆော်မှု အရင်းခံကြောင့် မဟုတ်နိုင်ဟု  သုံးသပ်ခဲ့သည်။ ၎င်းမှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေဆဲဖြစ်သည်။ 

“ဒီဖြစ်စဉ် တစ်ခုတည်းကြောင့် အသိုင်းအဝိုင်းအပေါ်မှာ ခြိမ်းခြောက်မှု တစ်စုံတစ်ရာ ရှိမယ်လို့ မယုံကြည်ပါဘူး” ဟု ရဲမှူး မာ့ခ်ဝေါလ်တာက ပြောကြားခဲ့သည်။

ACL အဖွဲ့၏ ဦးဆောင်ညွှန်ကြားရေးမှူး လင်းရှယ်လ်တန်ကမူ ပစ်မှတ်ထား တိုက်ခိုက်မှုဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
“ဒီတစ်နှစ်လုံး အသက်အန္တရာယ်နဲ့ အကြမ်းဖက်ဖို့ ခြိမ်းခြောက်မှုတွေ ကြုံနေရပါတယ်” ဟု ရှယ်လ်တန်က ဆိုသည်။

“ဒါဟာ သြစတြေးလျမှာ လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို တိုက်ခိုက်ခံရတာပါ။ ကျွန်တော် အရမ်းတုန်လှုပ်မိပါတယ်။ ကျွန်တော့်တစ်သက် ဒါမျိုးမြင်ရမယ်လို့ ထင်မထားခဲ့ဘူး” ဟု ရှယ်လ်တန်က ပြောကြားသည်။ အခင်းဖြစ်ချိန်တွင် ဝန်ထမ်းတစ်ဦးမှ ရှိမနေခဲ့ပေ။

သြစတြေးလျ ခရစ်ယာန်လော်ဘီ (ACL) အဖွဲ့ အကြောင်း

ACL မှာ အဖွဲ့ဝင် ၈၀,၀၀၀ ကျော် ရှိသော အခြေခံလူတန်းစား လှုပ်ရှားမှုတစ်ရပ် ဖြစ်သည်ဟု ၎င်းတို့ကိုယ်ကိုယ် သတ်မှတ်ထားသည်။ အများပြည်သူ့ရေးရာ မူဝါဒတွင် ခရစ်ယာန် အစဉ်အလာများ လွှမ်းမိုးမှု ရှိလာစေရေး ကြိုးပမ်းသောအဖွဲ့ ဖြစ်သည်။

လိင်တူလက်ထပ်မှု၊ ကိုယ်ဝန်ဖျက်ချမှု၊ ရောဂါပြင်းသောလူနာကို မနာမကျင်ဘဲ သေစေရန် ဆောင်ရွက်မှု (euthanasia) နှင့် ကျောင်းများတွင် လိင်တူချစ်သူ ကိစ္စများ အသိပညာပေးမှုများကို ဆန့်ကျင်သည့်အဖွဲ့ အဖြစ် ထင်ရှားသည်။ 

ခရစ်ယာန်ဘုန်းကြီးများ အုပ်ချုပ်သည့် ကျောင်းများ ထူထောင်ခြင်းနှင့် အင်တာနက် ဆင်ဆာဖြတ်တောက်မှုကို ထောက်ခံသည့်အဖွဲ့ ဖြစ်သည်။

၂၀၀၇ ခုနှစ် ပြည်ထောင်စု ရွေးကောက်ပွဲမှစပြီး သြစတြေးလျ အဓိကပါတီကြီး နှစ်ခုမှ ခေါင်းဆောင်များသည် ACL မှ ကမကထပြုသော ကွန်ဖရင့်များတွင် မိန့်ခွန်းပြောရလေ့ ရှိသည်။

လူမှုကွန်ရက်များတွင် လွှမ်းမိုးမှု ရှိသလို သတင်းများတွင်လည်း မကြာခဏ ပါဝင်လေ့ရှိကာ ကွန်ဆာဗေးတစ် နိုင်ငံရေးသမားများအပေါ် သြဇာရှိသည်ဟု ယူဆရသည်။ 

အချို့သော ဘာသာရေး ခေါင်းဆောင်များကမူ ACL သည် ခရစ်ယာန် အားလုံး၏ အမြင်ကို ကိုယ်စားမပြုကြောင်း ဝေဖန်မှုများ ရှိသည်။ 

F-03