News

POST TYPE

NEWS INFO

Air Asia ၏ တတိယ အကြိမ်မြောက် ဘလော့ဂါ တွေ့ဆုံပွဲကို အင်ဒိုနီးရှားမှာ ကျင်းပ
21-Nov-2016 tagged as Air Asia


Air Asia ကနေ နှစ်စဉ် ကျင်းပလျှက်ရှိတဲ့ Air Asia Blogger Community (AABC) တွေ့ဆုံပွဲကို အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ကျင်းပခဲ့ပါတယ်။

ကမ္ဘာ့အကောင်းဆုံး တန်ဖိုးနည်း လေကြောင်းလိုင်းအဖြစ် သတ်မှတ်ခံ ထားရတဲ့ Air Asia ဟာ အရှေ့တောင် အာရှရဲ့ လူမှုကွန်ရက်ပေါ်မှာ သြဇာလွှမ်းမိုးမှု ရှိသူတွေ တွေ့ဆုံပွဲကို ယခုနှစ်မှာ တတိယ အကြိမ်မြောက်အဖြစ် တာဝန်ယူ ကျင်းပပေးခဲ့တာပဲ ဖြစ်ပါတယ်။

ဒီတွေ့ဆုံပွဲဟာ ၂၀၁၉ ခုနှစ်မှာ နိုင်ငံခြားသား ခရီးသွား သန်း ၂၀ ပြည့်ဖို့ ကြိုးပမ်းနေတဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ ခရီးသွားလုပ်ငန်း ရည်မှန်းချက်ကို တစ်ဖက်တစ်လမ်းက ထောက်ပံ့ ပေးနိုင်ဖို့လည်း ရှိနေပါတယ်။

နိုဝင်ဘာ ၁၂ ရက်ကနေ ၁၄ ရက်အထိ ကျင်းပခဲ့တဲ့ ဒီနှစ်အတွက် AABC တွေ့ဆုံပွဲကို အာရှနိုင်ငံပေါင်း ၁၂ နိုင်ငံက ခရီးသွားနဲ့ ဘဝ နေထိုင်မှုဆိုင်ရာ အကြောင်းအရာများကို အင်တာနက်ပေါ် မျှဝေရာမှာ လူသိများသူတွေ တက်ရောက်ခဲ့ကြပါတယ်။

ယင်းဘလော့ဂါတွေဟာ ဂျာကာတာမြို့ရဲ့ မြို့ဟောင်းဖြစ်တဲ့ Kota Tua မြို့ရဲ့ ဖုံးကွယ်နေတဲ့ ရှုခင်းတွေနဲ့ ဂျာကာတာမြို့ရဲ့ အထင်ကရ နေရာတွေကို စူးစမ်း လေ့လာခဲ့ကြတယ်လို့ Air Asia ရဲ့ သတင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မလေးရှား၊ စင်္ကာပူ၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဖိလစ်ပိုင်၊ အင်ဒိုချိုင်းနား၊ ဘရူနိုင်း၊ ထိုင်ဝမ်နဲ့ တရုတ်တို့က နာမည်ကျော် ဘလော့ဂါတွေဟာ ဂျကာတာမြို့မှာ ကိုလိုနီခေတ် ယဉ်ကျေးမှုတွေနဲ့ အင်ဒိုနီးရှား ယဉ်ကျေးမှုရဲ့ ကွဲပြားမှုတွေကို စူးစမ်းလေ့လာခဲ့ကြတယ်လို့လည်း Air Asia ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ ဘာလီပြီးရင် ဒုတိယ နာမည်အကြီးဆုံးမြို့ဟာ ဂျာကာတာ ဖြစ်ပြီးတော့ မြူးကြွတဲ့ မြို့ပြနေထိုင်မှု ပုံစံနဲ့ ခမ်းနားတဲ့ ရှောပင်းစင်တာများ၊ ကဖေးများ၊ စားသောက်ဆိုင်များနဲ့ ဟိုတယ်များ ရှိခြင်းကြောင့် ဒီနှစ် စက်တင်ဘာလ တစ်လတည်းမှာတင် နိုင်ငံခြား ခရီးသွားပေါင်း 243, 178 ကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။

AABC အဖွဲ့အစည်းမှ ကျော်ကြားသူတွေကို ဒီနှစ်အတွက် AABC တရားဝင် ဟိုတယ်ဆိုင်ရာ မိတ်ဖက်ဖြစ်တဲ့ Double Tree by Hilton Jakarta – Diponegoro မှာ ၎င်းတို့ လည်ပတ် နေစဉ်အတွင်း တည်းခိုစေခဲ့ပါတယ်။ 

အင်ဒိုနီးရှားနိုင်ငံအတွက် AirAsia လုပ်ငန်းစုရဲ့ CEO ဖြစ်သူ Dendy Kurniawan က “အာရှတစ်ခွင်က ငယ်ရွယ်တဲ့ လူသိများသူတွေကို အိမ်ရှင်အဖြစ် လက်ခံရပြီးတော့ ဂျာကာတာမြို့ရဲ့ အခြားတစ်ဖက်ကို မိတ်ဆက်ပေးခွင့် ရရှိလို့ ဝမ်းမြောက်မိပါတယ်။ ကျွန်ုပ်တို့ရဲ့ လူမှုကွန်ရက် သြဇာလွှမ်းမိုးသူတွေနဲ့ ထိတွေ့ ဆက်ဆံမှုကနေတစ်ဆင့် ဂျာကာတာမြို့က ဘာတွေ ပေးစွမ်းနိုင်လဲ ဆိုတာကို ပိုမို များပြားတဲ့ လည်ပတ်သူတွေဆီကို မီးမောင်း ထိုးပြနိုင်မှာ ဖြစ်ပြီး ဂျာကာတာမြို့ကို ထိပ်တန်း ခရီးသွားလာရေး ပန်းတိုင် ဖြစ်စေဖို့လည်း အထောက်အကူ ပြုမယ်လို့ ယုံကြည်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ခရီး သွားလာရေးနဲ့ ဘဝနေထိုင်မှုဆိုင်ရာ အကြောင်းအရာတွေနဲ့ ပတ်သက်လို့ လူမှုကွန်ရက် စာမျက်နှာတွေထက်မှာ လူသိများ ထင်ရှားသူတွေဟာ အင်ဒိုနီးရှားရဲ့ ထင်ရှားတဲ့ နေရာတွေ၊ အဆောက်အဦတွေ၊ အစားအသောက်တွေကို လေ့လာ စူးစမ်းကာ လူမှုကွန်ရက် စာမျက်နှာတွေထက်မှာ ပြန်လည်မျှဝေ ရေးသားသွားမှာ ဖြစ်ပါတယ်။

AABC ကို 2013 မှာ စတင် တည်ထောင်ခဲ့ပြီး လက်ရှိအချိန်မှာ အဖွဲ့ဝင် ၅၀၀ ကျော် ရှိနေပြီဖြစ်ပါတယ်။ အဖွဲ့ဝင်တွေရဲ့ အကျိုးကျေးဇူးတွေ အနေနဲ့ AirAsia ရဲ့ နှစ်စဉ် လူသိများသူတွေ တွေ့ဆုံပွဲတွေ၊  ပါတီတွေ၊ AirAsia ခရီးပန်းတိုင်များနှင့် အကျွမ်းတဝင် ဖြစ်စေသည့် ခရီးစဉ်တွေနဲ့ အခြား အခွင့်အရေးတွေကိုပါ ခံစားခွင့် ရရှိကြပါတယ်။

AABC အဖွဲ့ဝင်တွေဟာ ပရိုမိုရှင်းတွေ၊ ပြိုင်ပွဲတွေနဲ့ ပတ်သတ်တဲ့ သတင်းအချက်အလက်တွေကို ဦးဦးဖျားဖျားလည်း ရရှိကြပါတယ်။

ယင်းအဖွဲ့မှာ အဖွဲ့ဝင် တစ်ယောက်အဖြစ် မှတ်ပုံတင်လိုတယ်ဆိုရင် [email protected] ကို အီးမေးလ် ပေးပို့နိုင်တယ်လို့လည်း Air Asia ရဲ့ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။