News

POST TYPE

MANDALAY

ရာထူးရသွားသူများ ပါတီကို လျစ်လျူရှုဟု ဦးဝင်းထိန်ပြော
04-Jul-2017
မန္တလေး၊ ဇူလိုင် ၃

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တင်မြှောက်လိုက်၍ ရာထူးနေရာ ရရှိသွားသူများ အနေနှင့် ပါတီအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များကို လျစ်လျူရှုမှုများ တွေ့နေရကြောင်း အဖွဲ့ချုပ် ဗဟိုအတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန်က ပြောကြားသည်။

“အစိုးရ၊ လွှတ်တော်၊ ပါတီဆိုတဲ့ တြိဂံဆက်ဆံရေး သဟဇာတဖြစ်ဖို့ ကြိုးစားပြီးတော့ ဆောင်ရွက်ဖို့ဆိုတာ အားလုံးရဲ့ တာဝန်ပါ။ တိုင်းနဲ့ပြည်နယ် အတော်များများမှာ ဘာတွေ့ရသလဲဆိုတော့ ရာထူးရသွားတဲ့ သူတွေက တာဝန်အရ တာဝန်ထမ်းတဲ့အခါမှာ တာဝန်ဇောကြောင့်ပဲလား၊ အခြားအကြောင်းတွေကြောင့်ပဲလားတော့ မသိဘူး။ ကိုယ့်မဲဆန္ဒနယ်က ပုဂ္ဂိုလ်တွေ၊ ပါတီအဖွဲ့အစည်းတွေကို လျစ်လျူရှုတာ အကြိမ်ကြိမ် ဖြစ်နေတာ တွေ့ရတယ်။ တိုင်းနှင့်ပြည်နယ် အားလုံးမှာ ဖြစ်နေတာ။ ဒါမျိုးမဖြစ်အောင် သတိပေးနေရတယ်” ဟု ၎င်းက ပြောဆိုသည်။

မန္တလေးမြို့၊ ရတနာပုံဈေး၊ တတိယထပ်ရှိ MICT Park တွင် ဇူလိုင်လ ၂ ရက်နေ့က ပြုလုပ်သော မန္တလေးတိုင်းအဆင့် အစိုးရ၊ လွှတ်တော်၊ ပါတီ တွေ့ဆုံပွဲ အခမ်းအနားတွင် ဦးဝင်းထိန်က ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များ၊ အစိုးရအဖွဲ့များ၏ အခြေအနေများကို လေ့လာနိုင်ရန်နှင့် ပြင်ဆင်စရာများနှင့် ပြုပြင်စရာများကို သိရှိနိုင်ရန်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်  ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန် နယ်လှည့်နေခြင်း ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်၏ ပြောကြားချက်များနှင့် ပတ်သက်၍ မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး ဦးတင်ကိုကိုထံ ဆက်သွယ်မေးမြန်းရာ မှတ်ချက်မပေးလိုကြောင်းသာ ပြန်လည်ဖြေကြားခဲ့သည်။