News

POST TYPE

MANDALAY

ပြင်စာကျေးရွာမှ ၁၂ နှစ်အရွယ် ကျောင်းသားတစ်ဦး ဝရမ်းထုတ်ခံရ
04-Jul-2017
မန္တလေး၊ ဇူလိုင် ၃

မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ် ပြင်စာကျေးရွာတွင် နေထိုင်သော ၁၂ နှစ် အရွယ်ရှိ သတ္တမတန်း ကျောင်းသားတစ်ဦးကို  မြို့နယ်တရားရုံးက ဇူလိုင်လ ၂ ရက် နေ့တွင် ဝရမ်းထုတ်ကာ ဆင့်ခေါ်ခဲ့ကြောင်း ယင်းကျောင်းသား မိသားစုဝင်များထံမှ သိရသည်။

ပြင်စာကျေးရွာရှိ ကွင်းအမှတ် (၈) ရှိ သိမ်းဆည်းခံမြေများ ပြန်လည်ရရှိရေး  တောင်သူများ ထွန်တုံးတိုက်ပွဲ ပြုလုပ်ခဲ့ခြင်းနှင့် ပတ်သက်၍ ပြင်ဦးလွင်မြို့နယ် တရားရုံးက အသက် ၁၂ နှစ်ရှိ ယောက်ျားလေးကို တောင်သူ ၁၃ ဦးနှင့်အတူ ဇူလိုင်လ ၂ ရက်နေ့က ဝရမ်းထုတ်ခဲ့ခြင်း ဖြစ်သည်။

“ဒီကလေးက မြေယာပြဿနာမှာ ပတ်သက်ခြင်းလည်း မရှိဘူး။ သူ့မိသားစုပိုင်မြေလည်း သိမ်းဆည်းခံရတဲ့အထဲမှာ မပါဘူး။ သိမ်းဆည်းခံတောင်သူတွေ ထွန်တုံးတိုက်ပွဲလုပ်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မြို့နယ်တရားသူကြီးက ဝရမ်းထုတ်ပြီး အိမ်မှာ လာကပ်သွားတာ” ဟု ၎င်း၏ အကိုတော်စပ်သူ ဦးမင်းသူက ပြောကြားသည်။

၂၀၁၆ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့က ကွင်းအမှတ် (၈) အတွင်း မြေသိမ်းဆည်းခံ တောင်သူများက မြေယာပြန်လည်ရရှိရေး ထွန်တုံးတိုက်ပွဲ ပြုလုပ်ခဲ့ရာတွင် ယင်းကျောင်းသား ပါဝင်သည်ဟုဆိုကာ  တရားရုံးက ဝရမ်းထုတ်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“ဒီကလေးက ဘာပြစ်မှုမှလည်း မရှိဘဲနဲ့ ဝရမ်းထုတ်ခံရတာ။ ဝရမ်းစာရွက်ကြီးကြည့်ပြီး ကလေးက စိတ်ဓာတ်ကျသွားတယ်။ ကျောင်းက သူငယ်ချင်းတွေကလည်း ဝရမ်းထုတ်ခံရတဲ့အကြောင်း ပြောကြဆိုကြနဲ့ ရှောင်ဖယ်လာကြတယ်လို့ ပြောပြပါတယ်။ သူမသိတဲ့ ကိစ္စလည်းဖြစ် ကလေးလည်း ဖြစ်တော့ စိတ်ထိခိုက်နေတယ်” ဟု ဦးမင်းသူက ထပ်လောင်းပြောကြားသည်။

ယင်းသတ္တမတန်းကျောင်းသားနှင့် တောင်သူ ၁၃ ဦးကို ပြင်ဦးလွင်မြို့နယ် တရားရုံးက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၄၇/၂၉၄/၅၀၆/၃၁၄/ ကျင့် ၅၁၂ အရ ပြစ်ဒဏ်ထိုက်သည့် ပြစ်မှုကျူးလွန်ကြောင်း လျှောက်လဲချက် ရှိနေကြောင်း၊ အမှုဖွင့်ခံရသူများကို မတွေ့နိုင်ကြောင်း အစီရင်ခံသည့်အတွက် တရားရုံးချိန်းသို့ မပျက်မကွက် လာရောက်ရန် ဝရမ်းထုတ်ခြင်း ဖြစ်ကြောင်း အဆိုပါ ဝရမ်းတွင် ဖော်ပြထားသည်။

လျှောက်လဲချက်တင်သူက ယင်းသတ္တမတန်းကျောင်းသား အနေနှင့် ပြစ်မှုကျူးလွန်ကြောင်း ယုံကြည်အောင် ပြောဆိုလျှောက်ထားခဲ့သည့်အတွက် ယခုကဲ့သို့ ဝရမ်းထုတ်ကာ တရားရုံးချိန်းသို့ ဆင့်ခေါ်ရခြင်း ဖြစ်ကြောင်း ပြင်ဦးလွင်မြို့နယ် တရားသူကြီး ဦးလင်းအောင်သူက လက်မှတ်ထိုး ဆင့်ခေါ်ထားခြင်း ဖြစ်သည်။

၁၉၉၈-၁၉၉၉ ခုနှစ်များက ကော်ဖီစီမံကိန်းအတွက် သိမ်းဆည်းခံခဲ့ရပြီး စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်း မရှိသည့် မြေများကို တောင်သူများ ပြန်လည်ရရှိရေးအတွက် ၂၀၁၄ ခုနှစ် ကတည်းက ထွန်တုံးတိုက်ပွဲများ ပြုလုပ်လာခဲ့ခြင်းကြောင့် ဝရမ်းထုတ် ဆင့်ခေါ်ခံရခြင်း ဖြစ်ကြောင်း ပြင်စာဒေသခံ တောင်သူများထံမှ သိရသည်။

M-04