News

POST TYPE

MANDALAY

NLD ပါတီ၏ တာဝန်ပေး ရွေးချယ်မှုများ ၉၉ ရာခိုင်နှုန်းမှန်ဟု ဦးဝင်းထိန်ပြော
03-Jul-2017
မန္တလေး၊ ဇူလိုင် ၂

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနှင့် ပြည်ထောင်စုအဆင့် ဝန်ကြီးများ၊ တိုင်းအဆင့်ဝန်ကြီးများနှင့် ရေးရာကော်မတီ၊ ကော်မရှင်အဖွဲ့ဝင်များကို ရွေးချယ်တာဝန်ပေးအပ်ရာ၌ ၉၉ ရာခိုင်နှုန်း  မှန်ကန်ကြောင်း ယင်းအဖွဲ့ချုပ် ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က ပြောကြားသည်။

မန္တလေးမြို့ ရတနာပုံဈေး တတိယထပ်ရှိ  MICT Park တွင် ဇူလိုင်လ ၂ ရက်နေ့က ကျင်းပသော မန္တလေးတိုင်းအဆင့် အစိုးရ၊ လွှတ်တော်၊ ပါတီ တွေ့ဆုံပွဲ အခမ်းအနားတွင် ဦးဝင်းထိန်က ထည့်သွင်းပြောကြားခြင်း ဖြစ်သည်။

“ပြည်ထောင်စုအဖွဲ့မှာ တာဝန်ပေးသင့်ရင် ပေးတယ်။ ပြည်နယ်နှင့်တိုင်းမှာ ပေးသင့်ရင် ပေးတယ်။ အခြားအဖွဲ့အစည်းတွေ ဖြစ်တဲ့ ရာထူးဝန်အဖွဲ့တို့၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်တို့မှာ တာဝန်ပေးခဲ့တယ်။ ဒီလိုပေးတဲ့အခါမှာ အခုထိ သုံးသပ်ရတာက ၉၉ ရာခိုင်နှုန်း မှန်တယ်လို့ တွေ့ရတယ်။ တစ်ရာခိုင်ကတော့ မမှန်ဘူးလို့ သုံးသပ်တယ်” ဟု ၎င်းက ပြောဆိုသည်။

ရွေးချယ်မှု မမှန်ခဲ့သူများအတွက် တာဝန်ယူကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကလည်း တာဝန်ယူကြောင်း၊ အစိုးရသစ်ဖွဲ့ပြီးနောက် တစ်လပဲခံမည်ဟု ကောလာဟလများ ထွက်ပေါ်ခဲ့ကြောင်း၊ ယင်းနောက် ခြောက်လသာခံမည်ဟု ထွက်ခဲ့ကြောင်း၊ လက်ရှိအချိန်တွင် ယင်းကောလာဟလများ အသံတိတ်သွားပြီ ဖြစ်ကြောင်း၊ နိုင်ငံတော်၏ အုပ်ချုပ်ရေး အာဏာ၊ တရားစီရင်ရေးအာဏာနှင့် ဥပဒေပြုရေး အာဏာများတွင် ဥပဒေပြုရေးယန္တရားနှင့် အုပ်ချုပ်ရေးယန္တရားတို့ကို အထိုက်အလျောက် မောင်းနှင်နေပြီ ဖြစ်ကြောင်း ပြိုလဲသွားမည့် အဆင့်သို့ မရောက်နိုင်တော့ကြောင်း ဦးဝင်းထိန်က ထပ်လောင်းပြောကြားသည်။

“ဦးဝင်းထိန်အနေနဲ့ ဘယ်ပေတံနဲ့တိုင်းပြီး ပြောတာလဲတော့ မသိဘူး။ လက်ရှိမှာ NLD ပါတီကနေ ထုတ်ပယ်ခဲ့တဲ့ အမတ်တွေရှိတယ်။ သက်ဆိုင်ရာနယ်ပယ်တွေမှာ ပြည်သူတွေကနေ အစိုးရအပေါ်မှာ အားမလိုအားမရ ဖြစ်ရတဲ့ ကိစ္စတွေ ရှိနေဆဲ။ ၉၉ ရာခိုင်နှုန်း မှန်တယ်လို့ ပြောတာ ဘာကိုအခြေခံပြီး ပြောတာလဲဆိုတာ သုံးသပ်ဖို့ လိုပါတယ်” ဟု ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားမှုအဖွဲ့ အထက်မြန်မာပြည် တာဝန်ခံ ဦးသိန်းအောင်မြင့်က ပြောကြားသည်။

မန္တလေးမြို့တွင် ကျင်းပသော မန္တလေးတိုင်းအစိုးရ၊ လွှတ်တော်၊ ပါတီ တွေ့ဆုံပွဲသို့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်၊ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းလွှတ်တော်ကိုယ်စားလှယ်များ၊ ပါတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။ 

M-05