News

POST TYPE

MANDALAY

ကျွန်ရုပ်ရှင်ဇာတ်ကားနှင့် သက်ဆိုင်သူများကို ရှေးဟောင်းဦးစီးဌာန တရားစွဲ
30-Jun-2017
မန္တလေး၊ ဇွန် ၃၀

ပုဂံဒေသကို အခြေတည် ရိုက်ကူးထားသည့် ကျွန်ရုပ်ရှင်ဇာတ်ကားနှင့် သက်ဆိုင်သူများကို တရားစွဲဆိုထားကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) ထံမှ သိရှိရသည်။

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနက ခွင့်မပြုခဲ့သည့် ကျွန်ဇာတ်ကားအမည်ဖြင့် ရုံတင်ပြသခဲ့သဖြင့် ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်၊ ရှုတင်မန်နေဂျာကို ဟိန်းမင်းနှင့် ရုပ်ရှင်ထုတ်လုပ်ဖြန့်ချိသူ (အောင်တိုင်းကျော် ရုပ်ရှင်ထုတ်လုပ်ရေး) တို့ကို အရေးယူပေးရန် ပုဂံရှေးဟောင်းဌာနခွဲ ညွှန်ကြားရေးမှူးက တရားလိုပြုလုပ်၍ ပုဂံမြို့သစ် ရဲစခန်းသို့  တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

“ဌာနက ခွင့်မပြုတာကို ပြသလို့၊ ရှေးဟောင်းအဆောက်အအုံတွေနဲ့ ပတ်သက်ပြီး ရိုက်ကူးထားတဲ့ဟာကို ပြသလို့” ဟု တရားလို ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောကြားသည်။

ယင်းတိုင်ကြားချက်ကို (ပ)၂၉/ ၂၀၁၇၊ ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေ (၂၀၁၅) ပုဒ်မ ၂၁ ဖြင့် အရေးယူ ဆောင်ရွက်ထားကြောင်း ပုဂံမြို့သစ် ရဲစခန်းမှ သိရသည်။

ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်ကမူ “စိတ်မကောင်းစရာတော့ ဖြစ်တယ်။ ဘာလို့လဲဆိုတော့ ဌာနဆိုင်ရာကို ကျွန်တော်တို့က စော်ကားလို့ တရားစွဲတယ်ဆိုရင် မှန်တယ်။ အခုဟာက ဘယ်ဌာနဆိုင်ရာကိုမှ စော်ကားတာ မဟုတ်ဘူး။ ဌာနဆိုင်ရာဆိုတာ ပြည်သူကို အကူအညီပေးဖို့ပါ” ဟု ပြောဆိုသည်။

ရိုက်ကူးနေသည့် အချိန်တွင် ဇာတ်ကားအမည် ပြောင်းလဲရန် အကြောင်းကြားလာမှု ရှိကြောင်း၊ လူပေါင်း ၈၀ ခန့် ဖြင့် ရိုက်ကူးမှု နှစ်ရက် ရှိနေပြီဖြစ်သည့်အတွက် ရပ်တန့်ရန် မဖြစ်နိုင်ကြောင်း၊ တရားစွဲဆိုမှုနှင့် ပတ်သက်၍ အကြောင်းကြားမှု မရှိသေးကြောင်း ၎င်းက ဆိုသည်။

ပုဂံဒေသသို့ ဒါရိုက်တာညွန့်မြန်မာ ညီညီအောင် ရိုက်ကူးမည့် ‘အမှောင်တွေ ရွာချတဲ့ မိုးတိမ်’ ဇာတ်ကားကို ခွင့်ပြုချက်ပေးရန် ၂၀၁၅ခုနှစ် ဇူလိုင်လ ၂ ရက်နေ့ တွင် ဟိန်းမင်းဆိုသူ၏ အမည်ဖြင့် ဌာနသို့ လာရောက်တင်ပြသည်ကို တွေ့ရှိရပြီး  ဇာတ်လမ်းထွက်ရှိလာချိန်တွင် ‘ကျွန်’  ဟူသည့်အမည် ပြောင်းလဲခဲ့ခြင်း ဖြစ်သည်ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) မှ သိရသည်။