News

POST TYPE

MANDALAY

ပြင်ဦးလွင် အုပ်ချုပ်ရေးမှူးများ လာဘ်ယူမှု ငွေပေးငွေယူ လုပ်ပေးရသော ဝန်ထမ်းကို စစ်ဆေး
30-Jun-2017
မန္တလေး၊ ဇွန် ၂၉

ပြင်ဦးလွင် အုပ်ချုပ်ရေးမှူးများကိုယ်စား ဒေသခံ ရွာသားများထံမှ လာဘ်ငွေ ရယူပေးခဲ့ရသော ယင်းမြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ ဝန်ထမ်းအမျိုးသမီးတစ်ဦးကို တရားလိုပြသက်သေအဖြစ် ဇွန်လ ၂၉ ရက်နေ့တွင်  မန္တလေးတိုင်း တရားရုံးက စစ်ဆေးခဲ့သည်။

“ဒီစာရေးမက ဦးတင်နိုင်စိုးတို့ရုံးက စာရေးမတစ်ဦးပါ။ မြေဂရန်ရရှိဖို့ ကိစ္စမှာ ဦးတင်နိုင်စိုးတို့ မအားတဲ့အခါမျိုးဆိုရင် သူက ငွေယူပေးရတဲ့သူပါ။ ဒါကြောင့် သူလည်း တရားလိုပြသက်သေထဲ ပါနေတာ” ဟု အုပ်ချုပ်ရေးမှူးများ လာဘ်စားကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ထံ တိုင်ကြားခဲ့သည့် ကမ္ဘာမြေအောင် ကုမ္ပဏီပိုင်ရှင် ဦးထွန်းနိုင်က ပြောကြားသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ အသက် ၃၀ အရွယ်ရှိ တရားလိုပြသက်သေ ဝန်ထမ်း ဒေါ်ကြူကို မေးမြန်းရာတွင် ၎င်းက ဖြေဆိုရန် ငြင်းဆိုခဲ့သည်။

ပြင်ဦးလွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်နိုင်စိုးနှင့် ဒုဦးစီးမှူး ဦးကျော်ကျော်နိုင်တို့က ယင်းမြို့နယ် မန်ကျည်းအင်းကျေးရွာနှင့် ဝါးနက်ကျေးရွာတို့မှ မြေများကို ပြည်ထဲရေး အမည်ပေါက် ရရှိအောင် ဆောင်ရွက်ပေးမည်ဟု ဆိုကာ မြေပိုင်ရှင်များထံမှ ငွေကြေးတောင်းယူခဲ့သည့် အတွက် ငွေကြေးပေးခဲ့ရသည့် ကမ္ဘာမြေအောင် ကုမ္ပဏီနှင့် ရွာသားများက မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ထံ တိုင်ကြားခဲ့ပြီး ယင်းကော်မတီ စစ်ဆေးရေးမှူး ဦးကောင်းဇော်သန့်က ယင်းမြို့နယ်ရဲတပ်ဖွဲ့တွင် အမှုဖွင့်ခဲ့သည့်အတွက် တိုင်းဒေသကြီး တရားရုံးတွင် အမှုရင်ဆိုင်နေရခြင်း ဖြစ်သည်။

ပြင်ဦးလွင်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်နိုင်စိုးနှင့် ဒုတိယဦးစီးမှူး ဦးကျော်ကျော်နိုင်တို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် စစ်ဆေးရေးမှူးက တရားစွဲဆိုထားသည့်အတွက် ဦးတင်နိုင်စိုးကို (ပ) ၂၂၀/၂၀၁၆၊ အဂတိတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆၊ (ပ) ၂၁၉/၂၀၁၆၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆၊ ဦးကျော်ကျော်နိုင်ကို (ပ) ၂၂၁/၂၀၁၆ အဂတိတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆၊ (ပ) ၂၂၂/၂၀၁၆ အဂတိတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ တို့ဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။

ပြင်ဦးလွင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်နိုင်စိုးသည် မန်ကျည်းအင်းကျေးရွာသစ်ကို ပြည်ထဲရေး အမည်ပေါက် ရွာမြေ တိုးချဲ့ပေးရန် ကိစ္စနှင့် ပတ်သက်ပြီး ရွာသားများထံမှ ၂၀၁၄ ခုနှစ် နိုဝင်ဘာ ၁၁ ရက်က ၅၀,၀၀၀ ကျပ်တန် လက်ဆောင်ပစ္စည်းခြင်း တစ်ခြင်းနှင့် ငွေ ၅၀၀,၀၀၀ ကျပ် လက်ခံရယူခဲ့ကြောင်း၊ ၂၉ ရက်နေ့တွင် ၁၁၅၀၀ ကျပ် တန်ဖိုးရှိ ပုဆိုးနှင့် အင်္ကျီ အပါအဝင် ကျပ်သိန်း ၃၀၊ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလအတွင်း ကျပ်သိန်း ၃၀ စသည်ဖြင့် လက်ခံထားကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် စစ်ဆေးရေးမှူး ဦးကောင်းဇော်သန့်က စစ်ဆေးတွေ့ရှိခဲ့သဖြင့် ပြင်ဦးလွင် မြို့မရဲစခန်းတွင် တစ်ခုချင်းစီအတွက် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

ဒုတိယဦးစီးမှူး ဦးကျော်ကျော်နိုင်သည်လည်း မန်ကျည်းအင်းကျေးရွာ ပြည်ထဲရေး အမည်ပေါက် ရွာမြေတိုးချဲ့ပေးရန် ကိစ္စနှင့် ပတ်သက်၍ ရွာသားများထံမှ ကျပ် ၁၅,၀၀၀ တန်ဖိုးရှိ အင်္ကျီနှင့်ပုဆိုး၊ နေ့လယ်စာ ဧည့်ခံစရိတ် ၂၅,၀၀၀ ကျပ်နှင့် ကျပ်သိန်း ၅၀ ကို ၂၀၁၆ ခုနှစ် မတ်လ ၁၁ ရက်နေ့က လက်ခံရယူခဲ့သည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့သည့်အတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် စစ်ဆေးရေးမှူး ဦးကောင်းဇော်သန့်ကပင် ပြင်ဦးလွင် မြို့မရဲစခန်းတွင် တိုင်ကြားအမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အုပ်ချုပ်ရေးမှူးနှစ်ဦးနှင့်အတူ ကျေးရွာဒေသခံများထံမှ ငွေကြေးရယူရာတွင် ပါဝင်ခဲ့သည့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ အကြီးတန်းစာရေး ဦအောင်စိုးမိုးကိုလည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၇ ဖြင့် အမှုဖွင့်ထားပြီး ပြင်ဦးလွင်မြို့နယ် တရားရုံးတွင် စစ်ဆေးလျက်ရှိသည်။   

M-04