News

POST TYPE

MANDALAY

ဗကသကျောင်းသား ကိုနှင်းအောင် ထောင်ဒဏ်နှစ်လ ချမှတ်ခံရ
28-Jun-2017
မန္တလေး၊ ဇွန် ၂၇

အလုပ်သမား အရေးကိစ္စဆောင်ရွက်စဉ် စဉ့်ကိုင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးဝင်းအတွင်း ဆန္ဒထုတ်ဖော်ခဲ့သည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကိုနှင်းအောင်ကို ယင်းမြို့နယ် တရားရုံးက ဇွန်လ ၂၇ ရက်နေ့တွင် ဒဏ်ထောင်နှစ်လ ချမှတ်ခဲ့သည်။

ကိုနှင်းအောင်ကို ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၉ အရ ထောင်ဒဏ် တစ်လ၊ တရားရုံး မထီမဲ့မြင်ပြုမှုနှင့် ဒဏ်ငွေ နှစ်ရာကျပ် ချမှတ်ခဲ့ရာ ဒဏ်ငွေမဆောင်သဖြင့် ထောင်ဒဏ် တစ်လ တိုးသွားခြင်းဖြစ်ကြောင်း ဗကသအဖွဲ့ဝင် ကိုနှင်းအောင်၏မိတ်ဆွေ ဦးခိုင်မင်းက ပြောကြားသည်။

ဗကသကျောင်းသား ကိုနှင်းအောင်သည် စစ်ကိုင်းပညာရေးကောလိပ် ကျောင်းသား ကိုဇော်ရဲထွဋ် အပါအဝင် ဗကသကျောင်းသား နှစ်ဦးနှင့်အတူ မန္တလေးမြို့ အဆင့်မြင့် ပညာဦးစီးဌာန (အထက်မြန်မာပြည်) ရှေ့တွင် ဧပြီလ ၂၆ ရက်နေ့ ကျောင်းသားထု အခွင့်အရေးရရှိရန် ခွင့်ပြုချက်မရှိဘဲ ဆန္ဒထုတ်ဖော်ခဲ့သောကြောင့် ချမ်းအေးသာစံမြို့နယ် တရားရုံးက မေလ ၉ ရက် ရက်နေ့တွင် ပုဒ်မ ၁၉ ဖြင့် ထောင်ဒဏ် သုံးလနှင့် တရားရုံး မထီမဲ့မြင်ပြုမှုဖြင့် ထောင်ဒဏ် တစ်လ စုစုပေါင်း ထောင်ဒဏ်လေးလ ပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီး မေလ ၂၄ ရက်နေ့တွင် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်ခဲ့သော်လည်း စဉ့်ကိုင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးဝင်းအတွင်း ဆန္ဒထုတ်ဖော်ခဲ့သည့်အတွက် မန္တလေး အိုးဘိုထောင်တွင် ဆက်လက် ဖမ်းဆီး ချုပ်နှောင်ခံခဲ့ရသူဖြစ်သည်။

M-01


  • VIA