News

POST TYPE

MANDALAY

ချမ်းမြသာစည်မှ အိမ်တစ်အိမ်ကို လူတစ်စု ညအိပ်ချိန် လာရောက်တိုက်ခိုက်ဖျက်ဆီး
26-Jun-2017

မန္တလေး၊ ဇွန် ၂၅

ချမ်းမြသာစည်မြို့နယ်ရှိ အိမ်တစ်အိမ်၏တံခါးများနှင့် နေအိမ်အဆောက်အအုံများကို လူတစ်စုက ကားဖြင့် ဝင်တိုက်ခြင်း၊ တုတ်၊ ဓားများဖြင့် ဇွန်လ ၂၅ ရက်နေ့ နံနက် ၃ နာရီခွဲခန့်အချိန်က ရိုက်နှက်ဖျက်ဆီးခဲ့ကြောင်း ယင်းသို့ပြုလုပ်ခြင်းခံရသည့် မိသားစုများထံမှ သိရသည်။

“ကားနှစ်စီးနဲ့ ရောက်လာတယ်။ တစ်စီးကတော့ လမ်းဟိုဘက်ခြမ်းမှာ စက်နှိုးပြီး ရပ်ထားတာ။ တစ်စီးက အိမ်တံခါးတွေကို ဝင်တိုက်တယ်။ ကားပေါ်ကနေ လူနှစ်ယောက်သုံးယောက် ဆင်းလာပြီး တုတ်တွေနဲ့ ရိုက်တယ်။ ဓားတွေ၊ သံချွန်တွေနဲ့ ထိုးပြီး ကော်ကြတယ်။ အိမ်အပေါ်ထပ်ကိုလည်း ခဲတွေနဲ့ လှမ်းပစ်ကြပါတယ်။ ကျွန်မတို့လည်း ပထမတော့ အိမ်ပေါ်ကနေပဲ ကြည့်နေခဲ့တယ်၊ နောက်တစ်ကြိမ် ထပ်ရောက်လာတော့ ကျွန်မတို့လည်း မနေရဲတော့ဘဲ နောက်ဖေးပေါက်က ခုန်ချပြီး ရပ်ကွက်ထဲ သွားနေခဲ့ရတာ”ဟု အိမ်ရှင်ဒေါ်ခင်မာဦးက ပြောကြားသည်။

ချမ်းမြသာစည်မြို့နယ် ကံသာယာရပ်ကွက် မနော်ဟရီလမ်း၊ ၅၇ လမ်းနှင့် ၅၈ လမ်းကြားရှိ လေးမျက်နှာဘုရား တိုက်တန်းတွင် ဖွင့်လှစ်ထားသည့် နေလ ဓာတ်ပုံနှင့် စတူဒီယိုဆိုင်ကို Mark 2 အဖြူရောင်ကား တစ်စီးနှင့် အနက်ရောင် ပြိုင်ကားတစ်စီးတို့ဖြင့် လာရောက်ခဲ့ခြင်းဖြစ်ပြီး အနက်ရောင်ပြိုင်ကားဖြင့် လူတစ်စုက ယင်းသို့ ပြုလုပ်ခဲ့ကြခြင်းဖြစ်၍ တံခါးများ၊ မှန်များ ပျက်စီးဆုံးရှုံးခဲ့ကြောင်း မိသားစုဝင်များအဆိုအရ သိရသည်။

ယင်းသို့ ဖျက်ဆီးမှုများ ပြုလုပ်နေသော်လည်း နေအိမ်ဆိုင်ခန်းအတွင်းမှ လူ ထွက်မလာသည့်အတွက် ပြန်လည် ထွက်ခွာသွားကြောင်း၊ ယင်းကြောင့် နေအိမ်အတွင်းမှ လူငယ်များ အိမ်အပြင်ထွက် ကြည့်ရှုစဉ် အနက်ရောင်ပြိုင်ကား ပြန်လည် ရောက်ရှိလာခဲ့ပြီး ထွက်ကြည့်သူများကို လိုက်လံ တိုက်ခိုက်ခဲ့သေးကြောင်းလည်း ဒေါ်ခင်မာဦးက ထပ်လောင်း ပြောဆိုသည်။

“သူ့အမျိုးသားက ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကပဲ ငါးဂိမ်းဆိုင်တစ်ခုမှာ ဓာတ်ပုံတွေရိုက်ပြီး လူမှုကွန်ရက်စာမျက်နှာ (ဖေ့စ်ဘွက်ခ်) မှာ တင်ခဲ့သေးတယ်။ အဲ့ဒီတစ်ခုကြောင့် အခုလို လုပ်ခံရတယ်လို့ ထင်ပါတယ်။ လာလုပ်တဲ့သူတွေက မျက်နှာမှာ နှာခေါင်းစည်းတွေ တပ်ထားတယ်ဆိုတော့ ဘယ်သူတွေဆိုတာ မသိရဘူးတဲ့ဗျ”ဟု အဆိုပါ လေးမျက်နှာတိုက်တန်းတွင် နေထိုင်သည့် အမျိုးသားတစ်ဦးက ပြောကြားသည်။

ပြိုင်ကားက နေအိမ်ယင်းလိပ် တံခါးများကို ခုနစ်ကြိမ်ခန့် ဝင်တိုက်ခဲ့သည့်အတွက် တံခါးများ လုံးဝ ပျက်စီးသွားခဲ့ပြီး နံနက်မိုးလင်းချိန်တွင် ဖြုတ်ချထားခဲ့ရကြောင်း၊ ယင်းသို့ ပြုလုပ်ခံရခြင်းကြောင့် ကျပ်သိန်း နှစ်ဆယ်နီးပါးခန့် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ယင်းမိသားစုများထံမှ သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အောင်ပင်လယ်နယ်မြေရဲစခန်းသို့ တိုင်ကြားခဲ့သည့်အတွက် (ပ)၂၁၆/၂၀၁၇၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၃၆/ ၄၄၀/ ၁၁၄ တို့ဖြင့် အမှုဖွင့်ပေးထားပြီး ကျူးလွန်သူများကို ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း ယင်းနယ်မြေ ရဲစခန်းထံမှ သိရသည်။

M-04


  • VIA