News

POST TYPE

MANDALAY

မန္တလေးမြို့ရှိ သမိုင်းဝင်နေရာများကို Historical Park အဖြစ် ဆောင်ရွက်မည်
25-Jun-2017

ရန်ကုန်၊ ဇွန် ၂၄

မန္တလေးမြို့ရှိ ရှေးဟောင်းသမိုင်းဝင် အဆောက်အအုံများကို ဧည့်သည် ဝင်ရောက်မှု မြင့်တက်ရန် သမိုင်းကြောင်း ဆိုင်ရာဒေသ (Historical Park) တစ်ခုအဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ် MTF ထံမှ သိရသည်။

“သမိုင်းကြောင်းဆိုင်ရာ နေရာတွေဖြစ်တဲ့အတွက် ခရီးသွားလုပ်ငန်းအမြင်နဲ့ ခရီးသည် ပိုပြီးဝင်အောင် ဖော်ဆောင်မှာပါ။ လက်ရှိက နေရာတွေကို လေ့လာနေပါတယ်”ဟု MTF မှ  တာဝန်ရှိသူတစ်ဦးက ဆိုသည်။

သမိုင်းကြောင်းဆိုင်ရာဒေသ (Historical Park) ဖော်ဆောင်ရာတွင် မန္တလေးမြို့ရှိ နှစ်ပေါင်း ၁၅၀ ကျော် သက်တမ်းရှိပြီဖြစ်သည့် ကင်းဝန်မင်းကြီးကျောင်း၊ ရွှေအင်ပင်ကျောင်း၊ သင်္ဂဇာကျောင်းနှင့် ယောမင်းကြီး အုတ်ကျောင်းများကို ထည့်သွင်း ဆောင်ရွက်ရန် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်က စီစဉ်ထားကြောင်းနှင့် ယင်းနေရာများသို့ ခရီးသည် ဝင်ရောက်မှု မြင့်တက်ရန် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနနှင့် ယခုနှစ်အတွင်း ဆွေးနွေးရန် စီစဉ်ထားကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

“ခရီးသွားလုပ်ငန်း ကဏ္ဍအတွက် နေရာအသစ်တွေ ဖော်ဆောင်တာတော့ ကောင်းပါတယ်။ ဒါပေမဲ့ အဲ့နေရာတွေကို ခရီးသည် စိတ်ဝင်စားအောင် ဖန်တီးမှုတွေ လုပ်ပေးဖို့လိုအပ်တယ်”ဟု မြန်မာနိုင်ငံ ဧည့်လမ်းညွှန်အသင်း အလုပ်အမှုဆောင် အဖွဲ့ဝင်တစ်ဦးက ဆိုသည်။ 

ရှေးဟောင်း သမိုင်းဝင် အဆောက်အအုံများကို Historical Park အဖြစ် အကောင်အထည်ဖော်ရန်နှင့် ဧည့်သည် ဝင်ရောက်မှု မြင့်တက်လာရန် ခရီးသွား လုပ်ငန်းရှင်များမှတစ်ဆင့် ဈေးကွက် မြှင့်တင်ခြင်း၊ အမှတ်တရ အရောင်းဆိုင်များ၊ နားနေဆောင်များ၊ စားသောက်ဆိုင်များ စသည့်လုပ်ငန်းစဉ်များကို ရှေးမူမပျက် ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့ တင်ပြရန်လိုအပ်ကြောင်း ခရီးသွားလုပ်ငန်း ကျွမ်းကျင်သူ တစ်ဦးက ပြောကြားသည်။

ရှေးဟောင်းမြို့တော် တစ်ခုဖြစ်သည့် အင်းဝမြို့ဟောင်းနှင့် မြနန်းစံကျော် နန်းတော် အပါအဝင် သပြေတန်း ခံတပ်၊ ဆင်ကျုံးခံတပ်၊ အစေခံ ခံတပ်သုံးခုတို့ကိုလည်း ဧည့်သည် ဝင်ရောက်မှု မြင့်တက်ရန် သမိုင်းကြောင်းဆိုင်ရာ ဒေသ (Historical Park) တစ်ခုအဖြစ်ဆောင်ရွက်မည်ဖြစ် ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ် MTF က မေလတွင် ထုတ်ပြန်ထားသည်။

J-14


  • VIA