News

POST TYPE

MANDALAY

အခွန်တံဆိပ် မကပ်သည့် ရွှေဆိုင်များကို ဇူလိုင်လကစ၍ အရေးယူမည်
25-Jun-2017

မန္တလေး၊ ဇွန် ၂၄

မန္တလေးတိုင်းအတွင်းရှိ ရွှေဆိုင်များကို ရွှေအရောင်းပြေစာများတွင် ရွှေ အခွန်အမှတ် တံဆိပ်များ ကပ်ရန် ညွန်ကြားထားပြီးဖြစ်ရာ လိုက်နာခြင်း မရှိသည့်ဆိုင်များကို ဇူလိုင်လကစ၍ အရေးယူမည်ဖြစ်ကြောင်း မန္တလေးတိုင်းအခွန် ဦးစီးဌာနထံမှ သိရသည်။

ရွှေထည်ပစ္စည်း အရောင်းပြေစာများတွင် ရွှေခွန် အမှတ်တံဆိပ်များ ကပ်ရန် ဇွန်လ (၁) ရက်နေ့ကစ၍ အသိပေးထားပြီး ရွှေခွန် အမှတ်တံဆိပ်များကိုလည်း ရွှေဆိုင်များသို့ ထုတ်ထားပေးပြီးဖြစ်ကြောင်း၊ ဇွန်လ တစ်လလုံးကို ပညာပေးကာလအဖြစ် သတ်မှတ်ဆောင်ရွက်နေပြီး လိုက်နာခြင်းမရှိသူများကို သတိပေးမှုများသာ ပြုလုပ်ခဲ့ကြောင်း မန္တလေးတိုင်း အခွန်ဦးစီးဌာန ဒုတိယညွန်ကြားရေးမှူး ဦးအောင်မိုးက ပြောကြားသည်။

“အရင် အခွန်စည်းကြပ်တဲ့စနစ်က သူတို့တင်ပြတဲ့အပေါ်မှာ မူတည်ပြီးတာ့ စည်းကြပ်ရတာပေါ့။ သူတို့က ဖျောက်ထားရင်လည်း ကိုယ်တို့က အတင်းအကျပ်ကြီး လုပ်လို့မရဘူး။ သူတိုတင်ပြတဲ့အတိုင်း စစ်ရတာ။ အခုက ဆွဲကြိုးတစ်ကုံး ရောင်းလိုက်ရင် သူရဲ့ တန်ဖိုးက ပြေစာမှာပေါ်တယ်။ အဲဒီမှာ တံဆပ်ခေါင်း ကပ်ပေးလိုက်ရမှာပေါ့။ ကိုယ်တိုင် အခွန်ဆောင်တဲ့စနစ်ကို စတင် ကျင့်သုံးတဲ့သဘောပါ”ဟု ၎င်းက ရှင်းပြသည်။

လက်ရှိတွင် မန္တလေးတိုင်းနှင့် ရန်ကုန်တိုင်းတို့တွင် ဇွန်လ ၁ ရက်နေ့မှ စတင်လုပ်ဆောင်နေခြင်းဖြစ်ရာ သတ်မှတ်စည်းကမ်း မလိုက်နာပါက ကုန်သွယ်ခွန်ဥပဒေဖြင့် ဒဏ်ငွေ ပေးဆောင်စေခြင်းဖြင့် အရေးယူမည်ဖြစ်ကြောင်း၊ ဒဏ်ငွေ မည်မျှဆောင်ရမည်ကို လတ်တလောတွင် ညွန်ကြားထားခြင်း မရှိသေးကြောင်း အခွန်ဦးစီးဌာန တာဝန်ရှိသူက ပြောကြားသည်။

ရွှေဆိုင်များတွင် ရွှေထည်ပစ္စည်း သီးသန့် ရောင်းရငွေ၏ တစ်ရာခိုင်နှုန်းကို အခွန်အဖြစ် ကောက်ခံမည်ဖြစ်ကာ ရွှေထည်တွင် ကျောက်ပါဝင်ပါက ကျောက်တန်ဖိုး၏ ငါးရာခိုင်နှုန်းကို ထပ်ဆောင်း ကောက်ယူသွားမည်ဖြစ်ကြောင်း၊ ရွှေအခွန် အမှတ်တံဆိပ်များကို ၁၀ဝ တန်၊ ၂၀ဝ တန်၊ ၅၀ဝ တန်၊ ၁၀ဝ၀ တန်၊ ၅၀ဝ၀ တန်နှင့် တစ်သောင်းတန် တံဆိပ်ခေါင်းများအဖြစ် ထုတ်ဝေပေးထားကြောင်း မန္တလေး တိုင်းအခွန်ဦးစီးဌာနထံမှ သိရသည်။

“အခွန်က ဝယ်သူတွေဆီကနေ ရတာ မှန်တယ်။ တကယ်တမ်းက တစ်ကျပ်သား၊ နှစ်ကျပ်သားလောက်က သိပ်ပြီး မသိသာဘူး။ များတဲ့အခါမှာ သိသာတယ်ပေါ့။ အဲ့ဒီအခါမှာ လူတွေကအင်လာကြတယ် မပေးချင်တော့ဘူး။ ဒါက လက်ရှိကြုံတွေ့နေရတဲ့ အခြေအနေပေါ့။ အခုတော့ ဆောင်နေကြတာပဲ။ အဆင်ပြေနေတယ်ပေါ့”ဟု မန္တလေးတိုင်း ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးတင်ထွန်းက ပြောကြားသည်။

လက်ရှိတွင် အခွန်စည်းကမ်းများ မလိုက်နာသည့် စားသောက်ဆိုင်များကို အရေးယူမှုများ ပြုလုပ်နေရာ ဇွန်လနောက်ဆုံးပတ်အထိ ဆိုင်ပေါင်း ၂၁ ဆိုင်ကို အရေးယူထားကြောင်း မန္တလေးတိုင်း အခွန် ဦးစီးဌာနထံမှ ထပ်မံ သိရသည်။

M-05


  • VIA