News

POST TYPE

MANDALAY

ရတနာပုံညဈေး ဒေသခံများ ဝေဖန်
25-Jun-2017
မန္တလေး၊ ဇွန် ၂၄

မန္တလေးမြို့တော်၏ ရတနာပုံညဈေးကို ဇွန်လ ၂၃ ရက်နေ့က စတင်၍ စမ်းသပ်ဖွင့်လှစ်ခဲ့ရာ အဆိုပါ ညဈေးတွင် ရောင်းချသည့် စားသောက်ကုန်များမှာ ဈေးနှုန်းကြီးခြင်း၊ ကျန်းမာရေးနှင့် ကိုက်ညီမှု အားနည်းခြင်း၊ ခရီးကွာဝေးခြင်းတို့ကြောင့် ဒေသခံများက ဝေဖန်ခဲ့ကြသည်။

ဇွန်လ ၂၃ ရက်မှ ဇွန်လ ၂၅ ရက်နေ့အထိ စမ်းသပ်ဖွင့်လှစ်လျက်ရှိသော ရတနာပုံညဈေးအပေါ် ဒေသခံများက ဝေဖန်နေခြင်း ဖြစ်သည်။

“ညဈေးအသစ် ဖွင့်တယ်ဆိုလို့ သွားတယ်။ မီးအလင်းလုံးလေးတွေပါတာ နှစ်လုံးလောက်ထည့်ပြီး ရေပုံးအသေးလေးထဲ ဆီးဖျော်ရည်လောင်းထည့်တယ်။ သန့်ရှင်းမှု မရှိဘူး။ အဲ့တာကို တစ်ခွက် ၂၅၀၀၊ ၃၀၀၀ (ကျပ်) ပေးပြီး ဝယ်သောက်ရတယ်။ ညဈေးမှာ ပေါ်ပြူလာ ဖြစ်တာက အဲ့ဒီဖျော်ရည်ခွက်တွေပဲ ရှိတာဆိုတော့ ဝယ်ကြတာပဲ” ဟု ဇွန်လ ၂၃ ရက်နေ့က အဆိုပါ ညဈေးသို့ သွားရောက်ခဲ့သော နည်းပညာတက္ကသိုလ် ကျောင်းသူတစ်ဦးက ပြောကြားသည်။

အဆိုပါညဈေးကို စမ်းသပ်ဖွင့်လှစ်ခြင်းဖြစ်ရာ အရေးပေါ် လိုအပ်ချက်နှင့် ပြဿနာကိစ္စရပ်များကို ဖြေရှင်းဆောင်ရွက်ပေးနိုင်မည့် ကော်မတီတစ်ခု ဖွဲ့စည်းဖြေရှင်းပေးမည် ဖြစ်ကြောင်း လုပ်ကိုင်ခွင့် ရရှိထားသော Myanamr Da Yi ကုမ္ပဏီမှ တာဝန်ရှိပုဂ္ဂိုလ် ဦးဟိန်းက ပြောကြားသည်။

အဆိုပါ ညဈေးတန်းတွင် ရောင်းချမည့် အစားအသောက်များနှင့် ပတ်သက်၍ စားသုံးသူ အကာအကွယ် ဖြစ်စေရန် FDA နှင့် ချိတ်ဆက်ကာ စစ်ဆေးပေးရန် ရှိသော်လည်း လတ်တလောတွင် အကောင်အထည်မဖော်ဖြစ်သေးကြောင်း၊ သောက်သုံးရေနှင့် သန့်ရှင်းသပ်ရပ်မှုအတွက် ကော်မတီဖွဲ့ ဆောင်ရွက်ရန် ပြင်ဆင်လျက်ရှိကြောင်း ၎င်းက ပြောဆိုသည်။ 

“ရွက်ဖျင်တဲ ဆိုင်ခန်းတွေကလည်း တဲပဲပေးတယ်။ စားပွဲတစ်လုံးတောင် မပေးဘူး။ မီးကလည်းပြတ်ဆိုတော့ ဝယ်မယ့်သူက  အပြင်ကပဲ မြင်သလောက် ကြည့်သွားကြတယ်” ဟု ယင်းညဈေးတွင် အလှပြင်ပစ္စည်းနှင့် အင်္ကျီများ ရောင်းချနေသော အသက် ၂၇ နှစ်အရွယ် ဆိုင်ပိုင်ရှင်တစ်ဦးက ပြောကြားသည်။

လက်ရှိတွင် အဆိုပါ ညဈေးတန်းကို စမ်းသပ်ဖွင့်လှစ်ခြင်း ဖြစ်ပြီး ဇူလိုင်လမှသာ ကဏ္ဍစုံလင်စွာဖြင့် တရားဝင်ဖွင့်လှစ်ရန် Myanamr Da Yi ကုမ္ပဏီက စီစဉ်ထားသည်။

“မန္တလေးကလူတွေက ပွဲလမ်းသဘင်ဆို သိပ်မက်ကြတယ်။ ဘာတွေ အသစ်အဆန်း တွေ့ရမလဲဆိုပြီး သွားကြတယ်။ မြို့တွင်းက ရှိသမျှလူတွေ အဲ့ဒီကို ရောက်သွားကြတယ်ထင်တယ်။ လူသွားလူလာနည်းတဲ့ မန္တလေးမြောက်ပြင် တောင်ခြေဘက်မှာ ကြိတ်ကြိတ်တိုးပါပဲ။ လမ်းပိတ်လို့ ယာဉ်တွေ သွားမရဘဲ လမ်းလျှောက်ကြရတယ်။ ယာဉ်ထိန်းတွေ၊ ရဲတွေ ရှိပေမယ့် လမ်းသွားလမ်းလာတွေ အတွက်ပါ အခက်အခဲ ဖြစ်ရတယ်” ဟု ဇွန် ၂၃ ရက်နေ့ ည ၈ နာရီခန့်က ယင်းဈေးသို့ သွားရောက်လည်ပတ်ခဲ့သူ ဦးမျိုးက ပြောဆိုသည်။

အဆိုပါ ရတနာပုံညဈေးတွင် ဆိုင်ခန်းများကို အမျိုးအစားသုံးမျိုး ခွဲထားရာ (ပေ ၂၀ x ပေ ၄၀) ရှိ စတီးအဆောက်အအုံဆိုင်ခန်း (ပေ ၁၀ x ပေ ၂၀) ရှိ စတီးအဆောက်အအုံဆိုင်ခန်း၊ ရှစ်ပေပတ်လည် ရွက်ဖျင်တဲဆိုင်ခန်းဟု ခွဲခြားထားပြီး မြန်မာ့ယဉ်ကျေးမှု ဖျော်ဖြေပွဲများ ပြုလုပ်နိုင်မည့်နေရာ၊ ဓာတ်ပုံအလှရိုက်ကူးနိုင်မည့်နေရာ၊ ဘားနှင့် စားသောက်ဆိုင်များ၊ Unplugged Band တီးဝိုင်းများ ထည့်သွင်းထားသည်။ 

ယခင်ရတနာပုံရေကူးကန်နှင့် ကလေးကစားကွင်း တည်ရှိခဲ့သည့် နေရာတွင် Myanmar Da Yi ကုမ္ပဏီက ညဈေးတန်းအဖြစ် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီထံမှ BOT စနစ်ဖြင့် လုပ်ဆောင်ခွင့်ရခဲ့ခြင်း ဖြစ်သည်။ 

ဝင်းရွှေရည်ဦး